ရန်ကုန် အမေရိကန်သတင်းနှင့် ပြန်ကြားရေးဌာနတွင် လာရီဒိုင်းမွန်း ဟောပြောပွဲပြုလုပ်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ရဲ့ သမိုင်းဝင်ခရီးစဉ်ပြီးနောက် မြန်မာနိုင်ငံကို နောက်ထပ် မဆိုင်းမတွ ရောက်ရှိလာသည့် အထင်ကရ အမေရိကန်ပုဂ္ဂိုလ်နှစ်ဦးမှာ ဘီလီလျံနာ သူဌေးကြီး ဂျော့ဂ်ျ ဆိုးရော့စ် (George Soros) နှင့် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးရေး ပညာရှင် လာရီ ဒိုင်းမွန်း ( Larry Diamond) တို့ ဖြစ်သည်။

ပါမောက္ခ လာရီ ဒိုင်းမွန်း သည် စတန်းဖို့ဒ် တက္ကသိုလ် Hoover Institution တွင် Senior Fellow အဖြစ် ဆောင်ရွက်လျက်ရှိပြီး ဂုဏ်သိက္ခာကြီးမားသော Journal of Democracy ဂျာနယ်၏ အယ်ဒီတာလည်း ဖြစ်သည်။

လာရီ ဒိုင်းမွန်းသည် မြန်မာပြည်သို့ရောက်ရှိနေစဉ်ကာလအတွင်း ရန်ကုန်မြို့ရှိ အမေရိကန်သတင်းနှင့် ပြန်ကြားရေးဌာနတွင် ဒီဇင်ဘာ ၃၀ ရက်နေ့ နေ့လည်တွင် ဟောပြောပွဲတစ်ခုပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ဒီမိုကရေစီဝိဥာဉ် (The spirit of Democracy) စာအုပ်အပါအ၀င် စာအုပ် ၆ အုပ်နှင့် ဆောင်းပါး အက်ဆေး များစွာရေးသားထားသူ လာရီဒိုင်းမွန်း က ‘Democracy and Rule of Law in Burma’ ခေါင်းစဉ်ဖြင့် အမေရိကန်စင်တာတွင် ဟောပြောခဲ့ခြင်းဖြစ်ပြီး အဓိကအားဖြင့် လစ်ဘရယ်ဒီမိုကရေစီ သဘောတရားများကို အခြေပြု ဆွေးနွေးပို့ချခဲ့သည်။

မစ္စတာ ဒိုင်းမွန်းက အဓိပ္ပာယ်ရှိသောဒီမိုကရေစီရွေးကောက်ပွဲများ၊ လွတ်လပ်ပြီးတရားမျှတသော ဒီမိုကရေစီ ရွေးကောက်ပွဲများ၏ အဓိပ္ပာယ်ကို ဖွင့်ဆိုရှင်းလင်းပြသွားခဲ့ပြီး လစ်ဘရယ်ဒီမိုကရေစီ၏ ဒေါက်တိုင်များကိုလည်း ရှင်းလင်းပြခဲ့သည်။

အဆုံးသတ်ပိုင်းတွင်မူ ဒီမိုကရေစီ ကျဆုံးစေသည့်အကြောင်းရင်း (၅) ချက်ဖြစ်သော (၁) တရားဥပဒေစိုးမိုးရေး
အားနည်းခြင်း (၂) အုပ်ချုပ်ရေးပိုင်းက အာဏာကိုအလွဲသုံးစားလုပ်ခြင်း (၃) လူမျိုးရေးနှင့် ဘာသာရေး အကွဲအပြဲများ (၄) အားနည်းပြီး အလုပ်မဖြစ်သော နိုင်ငံရေးအင်စတီကျူးရှင်းများနှင့် (၅) ညံ့ဖျင်းသော စီးပွားရေးစွမ်းဆောင်မှု စသည်တို့ကို ရှင်းလင်းပြသွားခဲ့သည်။

ဟောပြောပွဲအပြီးတွင် လာရီဒိုင်းမွန်းက တက်ရောက်လာသူများမေးမြန်းခဲ့သောမေးခွန်းများကို ပြန်လည်ဖြေကြားခဲ့ပြီး ထိုကဲ့သို့ ဖြေကြားခဲ့ရာတွင်

(၁) နိုင်ငံရေးအင်စတီ ကျူးရှင်းများ အားကောင်းရန်လိုအပ်ပုံ

(၂) တစ်ဆင့်ချင်း ပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်ရန်လိုအပ်ပုံ

(၃) မြန်မာပြည်၏ပြုပြင်ပြောင်းလဲရေးတွင် စစ်ဘက်-အရပ်ဘက်ဆက်ဆံရေး အရေးပါပံ

(၄) ပါလီမန်ရှိနေသော်လည်း ဒီမိုကရေစီအလုပ်မဖြစ်တတ်ပုံ

(၅) တစ်ဆင့်ချင်းသွားသည့် ပြုပြင်ပြောင်းလဲရေးတို့၏ သဘောတရားအတိုင်း တရားဥပဒေစိုးမိုးရေး၏ အရေးကြီးပံ

(၆) အစိုးရအနေဖြင့် ပြုပြင်ပြောင်းလဲမှုများကိုဆောင်ရွက်ရာတွင် နိုင်ငံရေးအ၀န်းအ၀ိုင်းအတွင်းမှ အမျိုးမျိုးသော ဇာတ်ကောင်များနှင့် ညှိနှိုင်း ဆောင်ရွက်ရန်လိုအပ်ပုံ

(၇) လမ်းပေါ်ထွက် နိုင်ငံရေးမှာအဆုံးအရှုံးများပုံ စသည်ဖြင့် ကဏ္ဍစုံကို ရှင်းလင်း ဖြေကြားသွားခဲ့သည်။

အဆိုပါဆွေးနွေးပွဲသို့ NLD အပါအ၀င် နိုင်ငံရေးပါတီဝင်များ၊ သတင်းနှင့် မီဒီယာများ၊ စာရေးဆရာများ၊ ၈၈မျိုးဆက် ကျောင်းသား အဖွဲ့ဝင်များ၊ ပညာရှင်များ၊ စိတ်ဝင်စားသည့် လူငယ်များ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ကိုရဲဟိန်း

Powered by Bullraider.com

Notice: Undefined index: data in /home2/maukkha/public_html/plugins/system/jsocial_comments/libs/jsocial_tools.php on line 238