ဂျိုးဇက်စတစ်ဂ်လစ်နှင့်အတူ အသက် ၉၂ နှစ်ရှိ စီးပွားရေးပညာရှင်ဒေါက်တာလှမြင့် ဟောပြောမည်
- Details
- Category: မြန်မာ့ပညာရေးသတင်း
- Published on Friday, 10 February 2012 06:09
- Written by ၀င့်ထန်း
- Hits: 2118

ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်း၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တွင် ကမ္ဘာကျော် စီးပွားရေးပညာရှင် ၃ ဦးမှ မြန်မာ့စီးပွားရေး အနာဂတ်နှင့် ဖွံ့ဖြိုးရေး အလားအလာများ အကြောင်း ဖေဖော်ဝါရီ ၁၁ ရက် စနေနေ့ မနက် ၁၀ နာရီမှာ ဟောပြောပို့ချမည် ဖြစ်သည်။
ကိုလံဘီယာတက္ကသိုလ်မှ နိုဘယ်ဆုရ စီးပွားရေး ပညာရှင် ပါမောက္ခ ဂျိုးဇက်စတစ်ဂ်လစ် က “Development Strategies for Inclusive and Sustainable” ခေါင်းစဉ်နှင့် ဟောပြောပို့ချမည် ဖြစ်သည်။
ရန်ကုန်စီးပွားရေးတက္ကသိုလ် ပါမောက္ခဟောင်းနှင့် လက်ရှိ ကိုလံဘီယာတက္ကသိုလ်မှ နိုင်ငံတကာ ကုန်သွယ်ရေးနှင့် နိုင်ငံရေးဘောဂဗေပညာရှင် Ronald Findlay က “Prospects for Myanmar in the World Economy of the 21st Century" ခေါင်းစဉ်ဖြင့် ဟောပြောမည်ဖြစ်သည်။
ပါမောက္ခ Ronald Findlay မှာ ၁၉၅၄ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်မှ BA ဘွဲ့ရရှိခဲ့ပြီးနောက်၊ အမေရိကန် MIT မှ PhD ဘွဲ့ ရရှိခဲ့သည်။ ၁၉၅၄ မှ ၁၉၅၉ ခုနှစ်အထိ ရန်ကုန်တက္ကသိုလ်တွင် ဘောဂဗေဒ နည်းပြဆရာ၊ ၁၉၆၀ မှ ၁၉၆၆ အထိ ကထိက၊ ၁၉၆၆ မှ ၁၉၆၈ အထိ စီးပွားရေး သုတေသန ပါမောက္ခအဖြစ် ထမ်းဆောင်ခဲ့သည်။
ပရင်စတန်တက္ကသိုလ်နှင့် ကမ္ဘာ့ဘဏ်တို့မှ ထုတ်သော ဒေါက်တာ Findaly ရေးသားသော စာအုပ်များမှာ ကမ္ဘာ့ စီးပွားရေးပညာရှင် အသိုင်းအ၀ိုင်းတွင် ထင်ရှားကျော်ကြားသည်။
ယခု ဟောပြောပွဲတွင် ပို၍ထူးခြားသည်မှာ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်ဟောင်း အသက် ၉၂ နှစ်ရှိ ဒေါက်တာလှမြင့် မှ ပြည်တော်ပြန်ပြီး "Rush to Reform Creates Myanmar Burn-Out” ခေါင်းစဉ်ဖြင့် ပါဝင် ဟောပြောဆွေးနွေးခြင်း ဖြစ်သည်။
ဆရာကြီးလှမြင့်မှာ ဖွံ့ဖြိုးရေး ဘာသာရပ် နယ်ပယ်တွင် H Myint အမည်ဖြင့် ထင်ရှားကျော်ကြားပြီး၊ ကမ္ဘာ့စီးပွားရေးပညာရှင်များကြားတွင် H Myint ၏ ဖွံ့ဖြိုးရေး သီအိုရီမှာ လူသိများသည်။ 
ဒေါက်တာလှမြင့်ကို ဧရာဝတီမြစ်ဝကျွန်းဒေသတွင် ၁၉၂၀ ခုနှစ်မှာ မွေးဖွားခဲ့ပြီး၊ ဒုတိယကမ္ဘာစစ်ဖြစ်ခါစ အသက် ၂၀ ကျော်အရွယ်တွင် အော့စဖို့ဒ်တက္ကသိုလ်ကို ပညာတော်သင် သွားရောက်ခဲ့သည်။ နာမည်ကျော် LSE (London School of Economics) တက္ကသိုလ်မှ Theories of Welfare Economics စာတမ်းဖြင့် PhD ဘွဲ့ ရရှိခဲ့သည်။ နောက်ပိုင်းတွင် ၄င်းစာတမ်းသည် ထင်ရှားသော စာအုပ်ဖြစ်လာခဲ့သည်။
ရန်ကုန်တက္ကသိုလ်တွင် ၁၉၄၅ မှ ၁၉၅၂ ခုနှစ်ထိ ဘောဂဗေဒပါမောက္ခ လုပ်ခဲ့ပြီး၊ ၁၉၅၈ မှ ၁၉၆၂ အထိ ပါမောက္ခချုပ် တာဝန်ထမ်းဆောင်ခဲ့သည်။ လွတ်လပ်ရေးရပြီးခေတ် မြန်မာအစိုးရ အမျိုးသားစီမံကိန်းဌာနနှင့် နိုင်ငံတော် စိုက်ပျိုးရေးဘဏ် ကော်မတီ အကြံပေးအဖြစ် ဆောင်ရွက်ခဲ့သည်။
သို့သော် ဒေါက်တာလှမြင့်က မြန်မာနိုင်ငံအတွက် တံခါးဖွင့် ဈေးကွက်စီးပွားရေးနှင့် ဖွံ့ဖြိုးရေးအမြင်များ ရေးဆွဲတင်ပြခဲ့သောကြောင့်၊ သွင်းကုန် အစားထိုး ဆိုရှယ်လစ် စီးပွားရေးစနစ် ကျင့်သုံးလိုစိတ် လွန်ကဲသော ဦးကျော်ငြိမ်း အပါအ၀င် မြန်မာခေါင်းဆောင်ပိုင်းက ပယ်ချခဲ့သည်။
လန်ဒန် LSE တက္ကသိုလ်ကိုပြန်ပြီး ဘောဂဗေဒဌာနတွင် ဖွံ့ဖြိုးရေးဘာသာရပ် ပါမောက္ခအဖြစ် ၁၉၆၆ မှ ၁၉၈၅ ခုနှစ်အထိ သင်ကြားပို့ချခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် အာရှဖွံ့ဖြိုးရေးဘဏ်အတွက် အရေးကြီးဆုံးစာအုပ် Southeast Asia's economy: Development Policy in the 1970s ကို ရေးသားပေးခဲ့သည်။
၎င်းစာအုပ်သည် အာရှဒေသ တစ်ခုလုံး ပို့ကုန် ဦးစားပေး မဟာဗျူဟာ ဖော်ဆောင်နိုင်ရေးအတွက် အလွန်အရေးပါခဲ့သည်။ ဂျပန်နှင့် အာရှကျားနိုင်ငံများ စက်မှုလုပ်ငန်းဖွံ့ဖြိုးရေးအတွက် ပို့ကုန်ဈေးကွက် လမ်းညွန်မှုများစွာ ပေးနိုင်ခဲ့သည်။ ဒေါက်တာလှမြင့်သည် မိခင်ကြီးကွယ်လွန်ချိန် မြန်မာနိုင်ငံ ပြန်ခွင့်ရဖို့ ဗီဇာလျှောက်ထားခဲ့ရာ ဦးနေ၀င်း အစိုးရ၏ ငြင်းပယ်ခြင်း ခံခဲ့ရသည်။
ယခု နိုဘယ်ဆုရှင် ဂျိုးဇက်စတစ်ဂ်လစ်နှင့်အတူ ရန်ကုန်တက္ကသိုလ် ပါမောက္ခဟောင်း ကမ္ဘာကျော် စီးပွားရေးပညာရှင် နှစ်ဦး၏ ပြည်တော်ပြန် ဟောပြောပွဲကို သမ္မတဦးသိန်းစိန် ရဲ့ စီးပွားရေးအကြံပေး ဒေါက်တာဦးမြင့်မှ ကြီးမှူးဆောင်ရွက်မည် ဖြစ်သည်။

ဝင့်ထန်း
Notice: Undefined index: data in /home/maukkha/public_html/plugins/system/jsocial_comments/libs/jsocial_tools.php on line 238








