ငြိမ်းချမ်းရေးအတွက် ပညာရေး (အပိုင်း ၂) သင်ယူလေ့လာရန် အကြောင်းအရာနှင့် သင်နည်းများ

ယခင်အပတ်က ထုတ်ဝေခဲ့သော ကျောင်းပညာရေးသုတေသနဂျာနယ် အမှတ် (၃) တွင် ငြိမ်းချမ်းရေးအတွက် ပညာရေး ၁ - အယူအဆနှင့် နည်းစနစ်ကို လေ့လာဆွေးနွေးခဲ့ပါသည်။ ဒုတိယပိုင်းအနေဖြင့် သင်ယူလေ့လာရန် အကြောင်းအရာနှင့် စာသင်ကြားခြင်း နည်းလမ်း တို့ကို ဆက်လက်ဆွေးနွေးပါမည်။

နိဒါန်း

ဤအခန်းတွင် ငြိမ်းချမ်းရေးအတွက် ပညာရေးဆိုင်ရာ သင်ယူလေ့လာရန် အကြောင်းအရာနှင့် နည်းစနစ်တို့ကို လေ့လာဆွေးနွေး မည် ဖြစ်ပါသည်။ ငြိမ်းချမ်းရေးကို ပိုမိုကျယ်ပြန့်သည့် အယူအဆတစ်ရပ်အနေဖြင့် ဆွေးနွေးမည်ဖြစ်ပြီး ငြိမ်းချမ်းရေးအတွက် ပညာရေးကိုမူ ငြိမ်းချမ်းရေး အယူအဆ၏ အစိတ်အပိုင်း တစ်ရပ်အနေဖြင့် အသေးစိတ် ဆွေးနွေးသွားပါမည်။ ယူနက်စကို (UNESCO) ၏ “အတူတကွ အသက်ရှင်နေထိုင်ဖို့ သင်ယူလေ့လာစို့” Learning to live together ဟူသော ပညာရေး အတွေးအခေါ်တွင် ငြိမ်းချမ်းရေးအတွက် ပညာ ရေးဆိုင်ရာ စာသင်ကြားရေးကို ရည်ညွှန်းထားသည်။ ဤသင်ကြားရေးနှင့် နည်း စနစ်များမှာလည်း ဘာသာတရားများဆိုင်ရာ ယုံကြည် ချက်များ၊ အတွေးအခေါ်၊ အယူအဆများမှ မြစ်ဖျားခံကြောင်း လေ့လာ တွေ့ရှိရသည်။ ငြိမ်းချမ်းရေးအတွက် ပညာရေးဆိုင်ရာ ရည်မှန်း ချက်များ၊ အခြေခံ အယူအဆများကို ဤသုတေသနလေ့လာမှုတွင် တင်ပြဆွေးနွေးသွားပါမည်။ ကျောင်းသူ၊ ကျောင်းသားများ၊ စစ်နှင့် ငြိမ်းချမ်းရေးဆိုင်ရာ ပြဿနာများအပေါ် သုတေသနပြုလေ့လာ တွေ့ရှိချက်များအပေါ်တွင် အခြေပြု၍လည်း ဆွေးနွေးထား ပါသည်။

အထူးသဖြင့် ကျောင်းဆရာ၊ ဆရာမများ၊ ဆရာအတတ်ပညာရေး သင်တန်းနည်းပြများအနေဖြင့် သိရှိနားလည် ထားသင့်ပြီး ပြင်ဆင် သင်ကြားနိုင်မည့် ငြိမ်းချမ်းရေးအတွက်ပညာရေး၏ သင်ကြားခြင်းသဘောသဘာဝကို တင်ပြထားပါသည်။ ဤ စာသင်ကြားရေးနည်း လမ်းများကို မြန်မာလူမှုအသိုင်းအဝိုင်းအတွင်း ရှိနှင့်ပြီးဖြစ်သော စံတန်ဖိုးများ၊ အလေ့အကျင့်များအပေါ်တွင် အခြေပြုပြီး သင်ကြားရေး အစီအစဉ်များကို ရေးဆွဲခြင်းဖြစ်ပါသည်။

အဓိကအားဖြင့် တင်းမာမှုများကို လျော့ပါးစေပြီး တစ်ဦးချင်းစီ၏ ကိုယ်တွင်း၊ စိတ်တွင်းနှင့် ပတ်ဝန်းကျင် ငြိမ်းချမ်းရေးအတွက် ရည်မှန်း ထားပါသည်။ ဤမျှော်လင့်ချက်များနှင့်အတူ စံတန်ဖိုးများ လက်ဆင့်ကမ်းပေးရာဝယ် အသုံးပြုနိုင်သည့် သင်ကြားရေး နည်းလမ်းများ ကိုလည်း ရှင်းလင်းထားပါသည်။ ကလေးများကိုယ်တိုင် တက်ကြွသော ပါဝင်လုပ်ဆောင်ခြင်းများဖြင့် လေ့လာ သင်ယူခြင်းနည်းစနစ်များ ဖြစ်သည့် ပုံပြင်ဇာတ်လမ်းများ ပြောပြခြင်း၊ ဇာတ်ဟန်ခင်းကျင်း သရုပ်ဆောင်ခြင်း၊ ပဋိပက္ခများ ဖြေရှင်းခြင်းနှင့် ဦးနှောက်ဖွင့် စဉ်းစား တွေးခေါ်ခြင်း၊ ကျိုးကြောင်းဆီလျော်စွာ ခွဲခြမ်းစိတ်ဖြာ၍ သင်ကြားခြင်းစသည့် နည်းလမ်း အသွယ် သွယ်ကို ဆရာဆရာမများအနေဖြင့် သတိပြုမိစေရန် မိတ်ဆက်ဆွေးနွေးထားပါသည်။ ဤနည်းစနစ်များကို အသုံးပြု၍ တစ်ဦးချင်းစီအနေဖြင့် ငြိမ်းချမ်းရေး၊ နိုင်ငံတကာ သိနားလည်ရေး၊ လူ့အခွင့်အရေးနှင့် တာဝန်ဝတ္တရားများအကြောင်းကို လေ့ကျင့် သင်ကြားခြင်းဖြစ်သည်။

ရည်ရွယ်ချက်များ
ဤသုတေသနလေ့လာချက်၏ ရည်ရွယ်ချက်များမှာ -

  • ငြိမ်းချမ်းရေး၏ အယူအဆများကို သိရှိနားလည်စေရန်။
  • သင်ရိုးဝင်ဘာသာရပ်များ၊ တွဲဖက်သင်ရိုးဝင်ဘာသာရပ်များတွင် ထည့်သွင်း၍ သင်ကြားနိုင်သော ငြိမ်းချမ်းရေးအတွက် ပညာရေးဆိုင်ရာ ခေါင်းစဉ်များ၊ အကြောင်းအရာများကို ဖော်ထုတ်ဆွေးနွေးသွားရန်။
  • ငြိမ်းချမ်းရေးအတွက် ပညာရေး၏ အဓိကအစိတ်အပိုင်း တစ်ခုဖြစ်သည့် စံတန်ဖိုးများကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ စံပြုထားရှိသင့်သော ဥပမာများဖြင့် လေ့ကျင့်သင်ကြားပေးနိုင်ရန်။
  • စံတန်ဖိုးများအတွက် ပညာရေး Value Education နှင့် လူ့အခွင့်အရေးဆိုင်ရာ ခေါင်းစဉ်များကို လေ့ကျင့် သင်ကြားနိုင် သည့် နည်းလမ်းများကို ဆွေးနွေးရန်။
  • ငြိမ်းချမ်းရေးအတွက် ပညာရေးဆိုင်ရာ များမကြာသေးမီကာလများတွင် ဖော်ထုတ်ထားရှိသည့် သင်ကြားနည်းစနစ်များကို သိရှိနားလည်နိုင်စေရန်။

ငြိမ်းချမ်းရေးအတွက် ပညာရေး သဘောသဘာဝနှင့် အယူအဆ

လန်နာ့(တ်) ဗရီယန်းစ် (၁၉၈၉) မှ ငြိမ်းချမ်းရေးအတွက် ပညာရေးဆိုင်ရာ အယူအဆများကို အောက်ပါအတိုင်း အုပ်စုခွဲခြားနိုင်ကြောင်း တင်ပြထားသည်။
(၁) ငြိမ်းချမ်းရေးအတွက် ပညာရေးဆိုသည်မှာ ကမ္ဘာပေါ်တွင် ငြိမ်းချမ်းရေးတည်ဆောက်ကြမည့် ငြိမ်းချမ်းလိုသောလူများအတွက် ပညာရေး ဖြစ်ပြီး ပညာရေးမှာ ငြိမ်းချမ်းရေး ဖြစ်ထွန်းနိုင်ရန်အတွက် အဓိကကျသော နည်းလမ်းဖြစ်သည်။
(၂) ငြိမ်းချမ်းရေးအတွက် ပညာရေးမှာ ကလေးများကို ငြိမ်းချမ်းရေးအတွက် အနှောက်အယှက် ဖြစ်စေသည့်စစ်ပွဲများ၊ ပဋိပက္ခများ၊ တင်းမာမှုများ၏ နိုင်ငံရေးနောက်ခံ အချက်အလက်များအား သိရှိနားလည်စေသည့် ပညာရေးလည်းဖြစ်သည်။
(၃) ထိရောက်သော ပညာရေးကျင့်စဉ်ဖြစ်ပြီး စိတ်သက်သာရာရစေမည့် ကုသချက်တစ်ရပ်လည်းဖြစ်သည်။ လူအများအား အနှောင့် အယှက် ပေးတတ်သည့် အတားအဆီးများ၊ အခက်အခဲများမှ စိတ်သက်သာရာ ရစေခြင်းဖြစ်သည်။ ကုလသမဂ္ဂ၊ ပညာရေး၊ သိပံ္ပနှင့် ယဉ်ကျေးမှုအဖွဲ့ကြီး (ယူနက်စကို) ၏ ဖွဲ့စည်းပုံကြေညာချက်နိဒါန်းတွင် “စစ်ပွဲများအားလုံးသည် လူသားတို့၏ စိတ်တွင်းမှ စတင်၍ ဖြစ်ပွားလာရသည့် အတွက် ငြိမ်းချမ်းရေးကို ကာကွယ်ထိန်းသိမ်းရန်မှာ လူသားတို့၏ စိတ်တွင်း၌ပင် ဖြစ်ပေသည်။” ဟူ၍ ဖော်ပြထား ပါသည်။
(၄) ငြိမ်းချမ်းရေးအတွက် ပညာရေးမှာ ဘာသာတရားတို့နှင့် ဆက်စပ်နေပါသည်။ မည်သည့် ဘာသာတရားကိုမှ တိုက်ရိုက်ရည်ညွှန်းခြင်း မရှိသော်ငြားလည်း ဘာသာတရားခေါင်းဆောင် အသီးသီးတို့သည် တစ်သီးပုဂ္ဂလ ငြိမ်းအေးမှုသဘောတရားတို့ကို ဟောပြောဆွေးနွေး ခဲ့ကြပါသည်။ (နိုင်ငံတကာ ပညာရေးစနစ်များတွင်ကျောင်း (သို့မဟုတ်) ရပ်ရွာ၊ လူမအသိုင်းအဝိုင်းအတွင်း လူမှုအနိဌာရုံ (သေကျေ ပျက်စီးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ နစ်နာခြင်း၊) တစ်စုံတစ်ရာနှင့် ကြုံတွေ့ရပါက သက်ဆိုင်ရာ ဘာသာရေး ခေါင်းဆောင်များမှ လာရောက် ၍ ဆွေးနွေးပြောဆိုခြင်း၊ တရားဟောခြင်း၊ နှစ်သိမ့် ဆွေးနွေးခြင်း၊ လမ်းညွှန်အကြံပြုခြင်းတို့ကို ဆောင်ရွက်ပေးကြပါသည်။)
(၅) ငြိမ်းချမ်းရေးနှင့် ပညာရေး၏ အဆက်အစပ်မှာ သွယ်ဝိုက်သောအားဖြင့်သာ တည်ရှိနေပါသည်။ ပညာရေးမှာ ငြိမ်းချမ်းရေး၏ အချင်း အရာတစ်ရပ် (နိုင်ငံရေး၊ သိပံ္ပ၊ စွမ်းအင်၊ သဘာဝပတ်ဝန်းကျင် စသည်တို့ကဲ့သို့-) ဖြစ်ပါသည်။ သို့ဖြစ်လေရာ ပညာရေးမှာ ငြိမ်းချမ်းရေး၏ အခြားသော အချင်းအရာများစွာဖြင့် လိုက်လျောညီထွေစွာ ပြုမူဆောင်ရွက်နိုင်ရမည်ဖြစ်သည်။ သာဓကအားဖြင့်- ဆိုရှယ်လစ်တို့၏ နိုင်ငံရေးအမြင်သဘောထားအရ လူမှုအနိဌာရုံများ၊ မငြိမ်မသက်မှုများ၊ တင်းမာမှုများ၊ ပဋိပက္ခများကို ရှောင်ရှားရန်မှာ ဥစ္စာဓနနှင့် ပုဂ္ဂလ ပိုင်ဆိုင်မှုကို ညီတူမျှတူ ခွဲဝေရေးဖြင့် တည်ဆောင်နိုင်မည်။ ဓနဥစ္စာမှာ လူမှုအနိဌာရုံများနှင့် အကြမ်းဖက်ခြင်းတို့၏ အကြောင်းရင်း ဖြစ်သည်ဟူ၍ ယုံကြည်ထားကြသည်။ ငြိမ်းချမ်းရေးအတွက်ပညာရေးမှာ အမြင်သဘောထားများ၊ စံတန်ဖိုးများကို ဆန်းစစ်ခြင်း၊ လေ့လာ သုံးသပ်ခြင်းတို့ပါရှိပါသည်။ (ဥပဒေအရ၊ လူမရေးအရ၊ နိုင်ငံရေးအရ) အကန့်အသတ်များ မရှိခြင်း၊ စည်းလုံးညီညွတ်ခြင်း၊ ဒီမိုကရေစီ စံတန်ဖိုးများနှင့် မိမိအပေါ် ခေါင်းပုံဖြတ်ချုပ်ချယ်ခြင်း၊ မျက်ကန်းယုံကြည်စေခြင်းများမှ ကာကွယ်နိုင်သော စွမ်းရည်များလည်း ပါရှိသည်။ ဤအရည်အသွေးများကို ငြိမ်းချမ်းရေးအတွက် ပညာရေးမှတဆင့် တည်ဆောက်ယူနိုင်ပါသည်။

အိုဘေ့ (၁၉၈၇) မှ ငြိမ်းချမ်းရေးအတွက်ပညာရေးဆိုင်ရာ အခြေခံ ယူဆချက် ၃ ရပ်ကို ဖော်ထုတ်ခဲ့ပါသည်။

ပထမယူဆချက်မှာ ပညာရေးဆိုသည်မှာ ဖြစ်စဉ်တစ်ရပ်ဖြစ်ပြီး လူ့အသိုင်းအဝိုင်းအတွင်း၌သာ တည်ရှိနေသည် မဟုတ်မူဘဲ မြေကမ္ဘာ၏ သတ္တလောကတစ်ခုလုံးတွင် တည်ရှိနေသည်။ မြေကမ္ဘာ၏ တိရစ္ဆာန် မျိုးနွယ်စုများတွင် ပိုမိုအဆင့်မြင့်သော သက်ရှိများပါရှိပါသည်။ ဤသက်ရှိမျိုးနွယ်များမှာ အုပ်စုအလိုက် လှည့်လည် သွားလာကြသည်။ (ဥပမာအားဖြင့် - ဝံပုလွေအုပ်စု၊ ခြင်္သေ့အုပ်၊ မျောက်အုပ်၊ ငှက်အုပ် စသည်)။ အသိုင်းအဝိုင်းအတွင်းရှိ ရိုးရာ အစဉ်အလာများ၊ လူကြီးလူငယ်ဆက်ဆံရေးများကို မျိုးဆက်တစ်ခုမှ နောက်မျိုးဆက် တစ်ခုသို့ လက်ဆင့်ကမ်းကြသည်။ လူ့အသိုင်းအဝိုင်းအတွင်း ပညာရေးမှာ မသိမဖြစ်သိသင့်သည်ဟူ၍ ယူဆထားသည့် သတင်း အချက် အလက်များ၊ စွမ်းရည်များကို လေ့ကျင့်သင်ကြားခြင်းဖြစ်သည်။ ပညာရေး၏ အဓိကအနှစ်သာရအားဖြင့် အသက်ရှင်သန် နေထိုင်နိုင်ရန် စွမ်းရည်များ ရရှိခြင်းနှင့်အတူ အသိုင်းအဝိုင်း၏ ရိုးရာအစဉ်အလာများ၊ ဖွံ့ဖြိုးတိုးတက်မှုများကို ထိန်းသိမ်းခြင်းဖြစ်သင့်ပါသည်။

ဒုတိယ ယူဆချက်အနေဖြင့် ငြိမ်းချမ်းရေးမှာ တစ်သီးပုဂ္ဂလများအနေဖြင့်သော်လည်းကောင်း၊ အသိုင်းအဝိုင်း တစ်ခုလုံးအနေဖြင့် သော်လည်းကောင်း လူသား၏ အသိစိတ်တွင်းတည်ရှိနေသော ပုဂ္ဂလ လိုအပ်ချက်များ၊ တောင့်တချက်များ၊ ဆန္ဒများနှင့် စံတန်ဖိုးများ၏ ယှက်နွယ်နေခြင်း အစုအဝေးတစ်မျိုးလည်းဖြစ်သည်။ ဤယူဆချက်အရ လူသားတို့သည် စစ်ပွဲများတွင် တိုက်ခိုက်ရန် လေ့လာသင်ယူခဲ့ ကြသည်။ အဘယ်ကြောင့်ဆိုသော်မိမိအုပ်စု (မျိုးနွယ်စု) ၏ လိုအပ်ချက်ကို ဖြည့်ဆည်းရန် ဤနည်းမှာ ထိရောက်သော နည်းလမ်းတစ် ရပ် အနေဖြင့် တည်ရှိခဲ့ခြင်းဖြစ်သည်။ ဤနည်းလမ်းမှာ အတိတ်ကာလများတွင် အလုပ်ဖြစ်ခဲ့သဖြင့် မျိုးဆက်တစ်ခုမှ နောက်မျိုးဆက်တစ် ခုသို့ စစ်ပွဲအစဉ်အလာကို လက်ဆင့်ကမ်းလာခဲ့ကြသည်။ သို့သော် ယခုအခါတွင်မူ အခြေအနေများမှာ ပြောင်းလဲခဲ့ရပြီးဖြစ်သည်။ အထူးသဖြင့် မီဒီယာများမှ လူထုကို စစ်ပွဲများ၏ အနိဌာရုံများ၊ အန္တရာယ်များကို ဖွင့်ထုတ်ပြကြ၍ ဖြစ်သည်။

တတိယ ယူဆချက်မှာမူ လူသား၏ ရှင်သန်ကြီးထွားခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ခြင်းတို့မှာ ဤကမ္ဘာဂြိုဟ်၏ ဆင့်ကဲ ပြောင်းလဲခြင်းဖြစ်စဉ် the evolutionary process of the planet နှင့် ဆက်နွယ်နေပုံကို ရှင်းလင်းထားသည်။ မြေကမ္ဘာတွင် သက်ရှိများ၊ သက်မဲ့များ၏ အပြန်အလှန် ဆက်သွယ်နေမှုသဘောဖြစ်သည်။ ဆက်သွယ်ရေးနည်းပညာများကြောင့် တစ်သီးပုဂ္ဂလဖွံ့ဖြိုးမှုနှင့် လူ့အသိုင်းအဝိုင်း တစ်ရပ်လုံးမှာ အရည်အသွေး ပိုမိုတိုးတက်နေခြင်း၊ ဆက်လက်ဖွံ့ဖြိုးနေခြင်းနှင့် ဖွံ့ဖြိုးမှု ရေရှည်တည်တံ့ရန် အလားအလာရှိခြင်း တို့ကို တွေ့မြင်နိုင်သည်။ သို့ဖြစ်လေရာ ပညာရေးဆိုင်ရာ ကျွမ်းကျင်သူများမှ ပညာရေး အခန်းကဏ္ဍတွင်လည်း အရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးမှု၏ အရေးကြီးပုံကို ဆွေးနွေးတင်ပြထားကြသည်။

ငြိမ်းချမ်းရေးအတွက် ပညာရေး၏ ရည်ရွယ်ချက်များ

ငြိမ်းချမ်းရေးအတွက် ပညာရေးနှင့် ပတ်သက်သော စာအုပ်စာတမ်းများတွင် ရည်ရွယ်ချက်များနှင့် ပတ်သက်၍ အများအပြား ထားရှိ ကြသည်။ သင်ရိုးတစ်စုံတည်းတွင် ရည်မှန်းချက် အားလုံးပါဝင်နိုင်ရန်မှာ မလွယ်ကူပါ။ ၁၉၈၈ ခုနှစ်၌ နယ်သာလန်နိုင်ငံတွင် သုတေသန ပြုလုပ်ခဲ့သည့် ပညာရှင် ဗရီးယင့်၏ လေ့လာ တွေ့ရှိချက်များကို အောက်ပါအတိုင်း တင်ပြဆွေးနွေးလိုပါသည်။

  • ကျောင်းများမှ စည်းလုံးညီညွတ်မှုနှင့် ကလေးအားလုံး၊ အုပ်စုအားလုံး ပါဝင်ဆောင်ရွက်မှုတို့ကို အားပေးသင့်ပါသည်။
  • တရားမျှတ၍ ငြိမ်းချမ်းသောနည်းလမ်းများဖြင့် ကလေးများအား ပဋိပက္ခများကို ရင်ဆိုင်တတ်စေရန် လေ့ကျင့်သင်ကြားပေး သင့်ပါသည်။
  • တဘက်စောင်းနင်း မျက်ကန်းယုံကြည်မှုကို ကလေးများအား သတိပြုမိစေပြီး ပညာရေးမှတဆင့် ဤအချက်ကို တွန်းလှန် နိုင်စေသင့်ပါသည်။
  • ကျောင်းများမှ အစပြု၍ မတရားမများ၊ မယုံကြည်မှုများ၊ ကြောက်ရွံ့ခြင်းများ၊ ရန်လိုစိတ်များကို ကင်းစင်စေရန် ကြိုးစားသင့် ပါသည်။
  • အခြားကလေးများ၊ အုပ်စုများနှင့် အတူတကွကစားရန်၊ အလုပ်လုပ်ရန် ကလေးများကို လေ့ကျင့်သင်ကြားပေးသင့်ပါသည်။
  • မတရားမှုများ၊ အကြမ်းဖက်မှုများ၊ စစ်ပွဲအခြေခံ ရန်လိုမှုများမှ ဆန့်ကျင်ဘက်ဖြစ်သော အမြင် သဘောထားများကို ကလေးများ ရရှိ ဖွံ့ဖြိုးလာစေရန် ကျောင်းများနှင့် စာသင်ခန်းများမှ စတင်သင့်ပါသည်။
  • ဒေါသအမျက်နှင့် ယှဉ်သည့် ရုန်းရင်းဆန်ခတ်အပြုအမူများနှင့် ပတ်သက်၍ ကလေးများ တာဝန်ယူလိုစိတ်ကို ဖွံ့ဖြိုး စေသင့် ပါသည်။
  • ဒီမိုကရေစီနည်းကျ ကစားခြင်းစည်းမျဉ်းများဖြင့် ကလေးများကို ရင်းနှီးအကျွမ်းဝင်စေသင့်ပြီး လွတ်လပ်စွာ တွေးခေါ် တတ်ခြင်းနှင့် ရင့်ကျက့်တည်ငြိမ်ခြင်းတို့ကို လမ်းညွှန်သင့်ပါသည်။
  • နိုင်ငံတွင်း၊ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ပြဿနာများ၊ အဖြစ်အပျက်များကို မိတ်ဆက်သင်ကြား သင့်ပါသည်။ ကိုယ်စီ တာဝန်ယူခြင်းဖြင့် ပိုမိုကောင်းမွန်သော အနာဂတ်ကို တည်ဆောင်ရန် လိုအပ်ကြောင်းကို ဆွေးနွေးသင့်သည်။

အထက်ပါရည်ရွယ်ချက်များကို ကျောင်းသင်ရိုးညွှန်းတမ်းနှင့် တွဲဖက်သင်ရိုးများမှတဆင့် လေ့ကျင့်ပေးနိုင်ပါသည်။

ဥပမာအားဖြင့်- သွေးစည်းညီညွတ်မှုနှင့် ပါဝင်ဆောင်ရွက်မှုကို လေ့ကျင့်သင်ကြားရာဝယ် ကလေးများအနေဖြင့် သတင်းအချက်အလက် များကို စုဆောင်းခြင်း၊ ထုတ်နုတ်အသုံးပြုခြင်း၊ ကျိုးကြောင်းဆီလျော်မှု ရှိ၊ မရှိကို သုံးသပ်ခြင်းတို့ ပြုလုပ်ခြင်းမှတဆင့် လေ့ကျင့်သင်ကြား ခြင်းဖြစ်သည်။ ငြိမ်းချမ်းရေးအတွက် ပညာရေးဆိုင်ရာ ရည်မှန်းချက်များအတွက် ခေါင်းစဉ်အများဆုံးပါဝင်သော ကျောင်းသင်ဘာသာရပ် များမှာ - ကမ္ဘာကြီးအကြောင်း မိတ်ဆက်ခြင်း၊ ပထဝီဝင်၊ သမိုင်း၊ ဘာသာတရားများမိတ်ဆက်၊ လူမှုရေးဘာသာနှင့် အနုပညာဘာသာ ရပ်တို့ဖြစ်သည်။

ငြိမ်းချမ်းရေးအတွက်ပညာရေးဆိုင်ရာ အသိပညာနယ်ပယ်နှင့် ခေါင်းစဉ်ကြီးများ

မျက်မှောက်မြန်မာနှင့် ကမ္ဘာကြီး၏ နိုင်ငံရေး၊ လူမရေးနှင့် စီးပွားရေးဆိုင်ရာအခြေအနေများကို လေ့လာကြည့်မည်ဆိုပါက ငြိမ်းချမ်းရေး အတွက် ပညာရေးဆိုင်ရာ လေ့ကျင့်သင်ကြားပေးသင့်သည့် အသိပညာနယ်ပယ်နှင့် ခေါင်းစဉ်များကို ဖော်ထုတ်နိုင်မည် ဖြစ်သည်။ ကျောင်းပညာရေးနယ်ပယ်တွင် ငြိမ်းချမ်းရေးအတွက် ပညာရေးဆိုင်ရာခေါင်းစဉ်များကို ကမ္ဘာလုံးဆိုင်ရာ (သို့မဟုတ်) သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပညာရေး global or environmental education အနေဖြင့်လည်း လေ့လာနိုင်မည်ဖြစ်သည်။ ကမ္ဘာ့လေ့လာရေး သင်ရိုးညွှန်းတမ်းအတွက် ၁၉၉၈ ခုနှစ်တွင် သုတေသနပြုခဲ့သည့် ဖီးနေး၊ ကိုဗာလက်စကီ၊ ဘာရီတို့က သင်ခန်းစာများနှင့် သင်ယူ
လေ့လာသင့်သည့် အကြောင်းအရာများကို ဖော်ထုတ်ခဲ့ကြပါသည်။

ဘာသာရပ်နယ်ပယ် ၅ ခုမှာ- ပထဝီဝင် geographical setting, ကမ္ဘာ့သမိုင်း global history, ကမ္ဘာ့လူ့အဖွဲ့အစည်း global society, တကမ္ဘာလုံးစီးပွားရေးပညာ global economics, နှင့် ကမ္ဘာလုံးဆိုင်ရာ နိုင်ငံရေး global politics တို့ဖြစ်ကြသည်။ ကမ္ဘာကြီး လေ့လာရေး အတွက် အခြေခံရမည့် အကြောင်းအရာများမှာ- အာဖရိကတိုက်၊ အိန္ဒိယ၊ အရှေ့တောင်အာရှ၊ တရုပ်၊ ဂျပန်၊ လက်တင်အမေရိက၊ အရှေ့အလယ်ပိုင်း၊ အနောက်ဥရောပနှင့် အရှေ့ဥရောပ တို့ဖြစ်ကြသည်။

ကမ္ဘာလုံးဆိုင်ရာ (သို့မဟုတ်) သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရေးအတွက် ဗရီးယင့်စ် (၁၉၈၉) မှဖော်ထုတ် ဆွေးနွေးထားသည့် ခေါင်းစဉ်များမှာ အောက်ပါတို့ဖြစ်ကြသည်။

စစ်လက်နက်များ Armament

  1. စစ်လက်နက်များအပြိုင်အဆိုင်တပ်ဆင်ခြင်း၊
  2. စစ်အင်အားညီမျှချေ၊
  3. ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်သောနိုင်ငံများ၊ စစ်ပွဲပြင်ဆင်နေသော နိုင်ငံများ
  4. စစ်လက်နက်ဖျက်သိမ်းရေး၊
  5. တင်းမာမများ၊ ပဋိပက္ခများကို ငြိမ်းချမ်းသောနည်းလမ်းများဖြင့် ဖြေရှင်းရန် ယုံကြည်မှု၊
  6. စစ်လက်နက်များ ရောင်းဝယ်ခြင်း၊
  7. စစ်လက်နက်များကို ဖန်တီးထုတ်လုပ်မရပ်တန့်ခြင်း။

နိုင်ငံရေးစနစ် Political system

  1. ဒီမိုကရေစီစနစ်၊ အာဏာရှင်စနစ်
  2. လွတ်လပ်မှု ရှိခြင်း၊ (လွတ်လပ်မှု ကင်းမဲ့ခြင်း)
  3. အရင်းရှင်စနစ်၊
  4. ဆိုရှယ်လစ်စနစ်၊
  5. နိုင်ငံရေးသဘောတရား၊ အယူအဆ၊
  6. အာဏာ၊
  7. နိုင်ငံတကာပူးပေါင်းဆောင်ရွက်ခြင်း၊
  8. အင်အားနည်းသောနိုင်ငံများ၊ လူနည်းစုများ၊ အုပ်စုငယ်များ၏ အခြေအနေ၊
  9. ကမ္ဘာလုံးဆိုင်ရာဆက်နွယ်မှုသဘောတရား၊ (ကမ္ဘာမှုပြုခြင်းဖြစ်စဉ်- ဂလိုဘယ်လိုက်ဇေးရှင်း)၊
  10. လူသား၏ စံတန်ဖိုးများကို တိုက်စားခြင်းခံနေရသော အကြမ်းဖက်ခြင်းပြဿနာ၊
  11. ခွဲခြားဆက်ဆံခြင်း၊ ဖိနှိပ်ချုပ်ချယ်ခြင်း၊ ပဋိပက္ခများ၊
  12. လူတန်းစားအလွှာအသီးသီးတွင် ပုံစံအမျိုးမျိုးဖြင့် မတရားခေါင်းပုံဖြတ်ခြင်း၊

ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပြဿနာများ Development problems

  1. ငတ်မွတ်ခေါင်းပါးခြင်း၊
  2. ဖွံ့ဖြိုးတိုးတက်မှုမရှိခြင်း၊ ခေါင်းပုံဖြတ်ခံရခြင်း၊
  3. နိုင်ငံတကာ ညီညွတ်မှု၊
  4. ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပူးပေါင်းဆောင်ရွက်မှု၊
  5. ခေတ်သစ် ကိုလိုနီစနစ်၊
  6. တတိယကမ္ဘာ့နိုင်ငံများ၊
  7. အမျိုးသားလွတ်မြောက်ရေးအတွက် လှုပ်ရှားမှုများ၊
  8. ဖွံ့ဖြိုးတိုးတက်မှုနှင့် ရိုးရာဓလေ့ထိန်းသိမ်းရေး၊
  9. စီးပွားရေးဆိုင်ရာ လွတ်လပ်မှု၊
  10. စည်းလုံးညီညွတ်မှု၊

ဤခေါင်းစဉ်များကို ရွေးချယ်၍ သင်ကြားရာတွင် ငြိမ်းချမ်းရေးအတွက်ပညာရေးမှာ အထက်ပါခေါင်းစဉ်များတွင် ပါရှိသည့်အကြောင်း အရာများနှင့် ဆန့်ကျင်ဘက် အမြင်သဘောထားများကို ကိုင်တွယ်ရကောင်းရနိုင်ပါသည်။ အကြမ်းဖက်ခြင်းမရှိဘဲ ဤပြဿနာများကို မည်သို့ဖြေရှင်းနိုင်မည်ဆိုသည်ကို အဓိကထား၍ လေ့လာဆွေးနွေးကြခြင်းဖြစ်သည်။ ပညာရှင် ဗရီးယင့်စ်မှ ဆွေးနွေးရာတွင် ဤ အငြင်းပွားဖွယ်ရာ ခေါင်းစဉ်များတွင် အစ္စရေး-ပါလက်စတိုင်းပြဿနာ၊ ကုလသမဂ္ဂ-ကမ္ဘာ့ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ညီလာခံ များ၊ အက်ဆစ်မိုး၊ ချမ်းသာကြွယ်ဝသော တိုင်းပြည်များတွင် စိုက်ပျိုးရေး၊ ဆင်းရဲသောနိုင်ငံများတွင် ငတ်မွတ်ခေါင်းပါးမှု၊ မိသားစုနှင့် ရပ်ရွာဒေသ လူမှုအသိုင်းအဝိုင်းအတွင်း အမျိုးသမီးများ၏ အခြေအနေ စသည်တို့ပါရှိပါသည်။ အကြမ်းဖက်ခြင်း သဘောပါရှိသည့် ထင်သာ မြင်သာသော ပြဿနာများနှင့် ဖုံးကွယ်နေသော ပြဿနာများကို ထဲထဲဝင်ဝင် သိရှိနားလည်စေရန် ရည်ရွယ်ပါသည်။ ဤသို့ဆိုရာတွင် လက်တွေ့အမှန်တရားမှသွေဖီ၍ မဖြစ်သင့်ပါ။ ပဋိပက္ခများ၊ တင်းမာမှုများကို အကြမ်းဖက်ခြင်းများဖြင့်သာ ဖြေရှင်း တတ်လေ့ရှိသည့် သဘောရှိပါသည်။ ငြိမ်းချမ်းရေးအတွက်ပညာရေးမှာ အကြမ်းမဖက်သောနည်းလမ်းများ (သို့တည်းမဟုတ်) ပိုမိုညင်သာပျော့ပြောင်းသော အကြမ်းဖက်မှု အနည်းဆုံးဖြင့် ဤပြဿနာများကို ဖြေရှင်းရာတွင် ဖြစ်နိုင်ချေနည်းလမ်းများကို ကြည့်မြင်တတ်ရန် လေ့ကျင့် သင်ကြားခြင်း ဖြစ်သည်။ ဤသည်မှာ ငြိမ်းချမ်းရေးအတွက် ပညာရေး၏ အနှစ်သာရလည်းဖြစ်သည်။

စစ်နှင့် ငြိမ်းချမ်းရေးဆိုင်ရာ ကလေးများ၏ အယူအဆကို သုတေသနပြုလေ့လာချက်များ

နိုင်ငံတကာသုတေသန အတွေ့အကြုံများ

စစ်နှင့် ငြိမ်းချမ်းရေးဆိုင်ရာ သုတေသန၏ အခြေခံယူဆချက်မှာ- ကလေးများ၏ အမြင်သဘောထားများနှင့် လူကြီးများ၏ သဘောထားတို့မှာ အခြေခံကျကျ ကွာဟချက်ရှိနေခြင်းဖြစ်သည်။ သူတို့၏ ကိုယ်ပိုင်နည်းလမ်းများ၊ ခံစားချက်များဖြင့် စစ်ပွဲများနှင့် ငြိမ်းချမ်းရေး ဆိုင်ရာအတွေ့အကြုံတို့ကို ကလေးများ ရရှိထားကြခြင်းဖြစ်ပါ၏။ လူကြီးများမှ ခံစားသိမြင်သည့်အတိုင်း ထပ်တူ မဟုတ်မူဘဲ စစ်ပွဲနှင့် ငြိမ်းချမ်းရေးအယူအဆကို ကလေးများ အဓိပ္ပါယ် ဖွင့်ဆိုတတ်ကြပါသည်။ ၁၉၈၈ ခုနှစ်တွင် အသက် ၆ နှစ်မှ ၁၂ နှစ်အရွယ် ကလေးငယ် ၄ဝ၂ ဦးတို့ကို သုတေသီဗရီးယင့်စ်မှ သုတေသနပြုလုပ်ခဲ့ပါသည်။ ကလေး ၅ဝ ဦးကို ရှေ့ပြေးစုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့ပြီး ပင်မ သုတေသန လေ့လာရာတွင် ကလေး ၂ဝ၆ ဦးပါဝင်ပြီး ထပ်တူပြုသုတေသနကိုလည်း ကလေး ၁၃ဝ ဦးနှင့် သုံးကြိမ် ပြုလုပ်ခဲ့ပါသည်။ အဓိကအားဖြင့် ကလေးများကို ‘စစ်ပွဲတွေနဲ့ ငြိမ်းချမ်းရေးကို ဘယ်လိုနားလည်ပါသလဲ’ ဟူသော မေးခွန်းကို မေးမြန်းခဲ့သည်။ ဤလေ့လာချက်အရ မေးခွန်းကိုဖြေဆိုကြရာတွင် အောက်ပါမေးခွန်းငယ်အစုကို ပြုစုခဲ့ပါသည်။

  • အနာဂတ်အလားအလာ- နောင်လာမည့် ၂၅ နှစ်မှာ ကမ္ဘာကြီးဟာ ဘယ်လို အခြေအနေရှိနေမလဲ။
  • ကလေးများ၏ ခံစားသိမြင်နားလည်မှုအရ စစ်နှင့် ငြိမ်းချမ်းရေးကို ပုံဖော်ခြင်း၊ ပန်းချီရေးဆွဲခြင်း။
  • ကလေး ၇ ဦးခန့်စီပါဝင်သော အုပ်စုငယ်များနှင့် စစ်နှင့် ငြိမ်းချမ်းရေးအကြောင်း အလွတ်သဘော ဆွေးနွေးခြင်း။
  • ဆရာဆရာမများသင်ကြားသည့် အကြောင်းအရာများ၊ ပစ္စည်းများနှင့် ပတ်သက်၍ ဆွေးနွေးခြင်းများ၊

ဤသုတေသန လေ့လာချက်အရ အောက်ပါရလဒ်တို့ကိုရရှိခဲ့သည်။

ပထမဦးစွာ နိဂုံးချုပ်ရရှိသော အချက်များမှာ အသက် ၆ နှစ် နှင့် ၁၂ နှစ် ကြား ယောက်ျားလေး၊ မိန်းကလေးများ အသက်အုပ်စု အလိုက် အမြင်သဘောထားများဖြစ်သည်။ စစ်နှင့် ငြိမ်းချမ်းရေးဆိုင်ရာ ဤကလေးများ၏ အသက်အပိုင်းအခြားအလိုက် ရည်ညွှန်း ထားခြင်းဖြစ်သည်။ ၆ နှစ် - ၇ နှစ် အရွယ်ကလေးများအနေဖြင့် စစ်နှင့် ငြိမ်းချမ်းရေးဆိုင်ရာအယူအဆတို့ကို သိနားလည်ရန် ခဲယဉ်းတတ်သည်။ သို့ရာတွင် ဤကလေးများအနေဖြင့် ငြိမ်းချမ်းရေးမှာ အဆင်ပြေ ညီညွတ်သောသဘောရှိပြီး စစ်မှာမူ ထိတ်လန့် ကြောက်မက်ဖွယ်ရာဖြစ်သည်ဟူ၍ အဆက်အစပ်သဘောကို ယေဘုယျနားလည်ထားကြသည်။ ဤခံစားချက်ကို ကလေးများ၏ ပန်းချီကားများတွင် အကြမ်းဖျင်း ဖော်ပြတတ်လေ့ရှိသည်။ မိုးတိမ်မဲအစုအဝေးမှ မိုးရေစက်ကလေးများကျဆင်းနေပုံ ပန်းချီကားများ ကဲ့သို့ဖြစ်သည်။ စစ်ပွဲမှာ အချေအတင်စကားများ ရန်ဖြစ်ခြင်းဟုမြင်တတ်ပြီး ငြိမ်းချမ်းရေးမှာမူ သူငယ်ချင်းများအနေဖြင့် ပြန်လည် လက်ခံစကားပြောဆိုဆက်ဆံလာခြင်းသဘောဟု နားလည်ထားကြသည်။

အံသြဘွယ်ရာ ကောင်းသော အချက်တစ်ခုမှာ အသက် ၇ နှစ်၊ ၈ နှစ် အထက်ကလေးများသည် စစ်ကိုအကောင်းဖက်မှ ရှုမြင်တတ် ကြပြီး မိန်းကလေးများမှာမူ စစ်ပွဲများကို ပြင်းထန်စွာဆန့်ကျင်၍ ငြိမ်းချမ်းရေးကိုမျှော်လင့်တတ်ကြခြင်း ဖြစ်သည်။ အုပ်စု ၂ ခုစလုံး (ယောက်ျားလေး၊ မိန်းကလေးများ) သည် စစ်ကို သမိုင်းအစဉ်အလာအရ ရှုမြင် လက်ခံနားလည်ထားကြသည်။ ငြိမ်းချမ်းရေးကိုမူ အကောင်းမြင်သဘောထားနှင့် အဆိုးမြင်သဘောထား နှစ်ခုစလုံးအနေဖြင့် ရှုမြင်ကြသည်။ အသက် ၁၁ နှစ်အရွယ်မှ စတင်၍ စစ်ပွဲများနှင့် အဏုမြူအဖျက်လက်နက်များ၏ အန္တရယ်တို့နှင့်ပတ်သက်၍ အမြင်သဘောထားများပြောင်းလဲလာကြသည်။

ယောင်္ကျားလေးများမှ စစ်ကို အကောင်းဘက်မှ ရှုမြင်သုံးသပ်ခြင်းသဘောကို စစ်ကြောခြင်း၊ ဝေဘန်ပိုင်းခြားသုံးသပ်ခြင်းနှင့် မိန်းကလေးများက စစ်ကို ပိုမို၍ ပြင်းပြင်းထန်ထန် ဝေဖန်တတ်လာကြခြင်းဖြစ်သည်။ အာဏာရလိုမှု၊ နိုင်ငံတကာဆက်ဆံရေးနှင့် လက်နက်ဖျက်သိမ်းရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ စစ်နှင့်ငြိမ်းချမ်းရေးကို အဓိပ္ပါယ်ဖွင့်ဆိုလာကြခြင်းဖြစ်သည်။ ကလေးများ၏ အမြင်သဘောထားအရ အင်အားကြီးနိုင်ငံများ၊ အင်အားကြီးသည့် အဖွဲ့များ၊ အုပ်စုများမှ အဏုမြူအဖျက်လက်နက်များကို စွန့်လွှတ်ရန် ဆန္ဒမရှိခြင်းတို့ကြောင့် ငြိမ်းချမ်းရေးကို ရရှိရန် မလွယ်ကူခြင်းဖြစ်သည် စသည်ဖြင့် ရှုမြင်ကြသည်။ ကလေးများ၏ စစ်နှင့်
ငြိမ်းချမ်းရေးဆိုင်ရာ အမြင်သဘောထားလေ့လာသည့် ဤသုတေသန ပြုလုပ်ပြီးများမကြာမီမှာပင် နိုင်ငံတကာ အခြေအနေများ ပြောင်းလဲလာခဲ့ပါသည်။

ဒုတိယသုံးသပ်ချက်အနေဖြင့် ယောက်ျားလေးများမှ စစ်ကို အကောင်းဖက်မှ ရမြင်ခြင်းနှင့် စိတ်ဝင်စားဖွယ်ရာ၊ စိတ်လှုပ်ရှားဖွယ်ရာ အနေဖြင့် သုံးသပ်မမှာ စစ်၏ အချင်းအရာများဖြစ်သည့် စိတ်ခံစားမှုမျိုးစုံ၊ ထိတ်လန့်ဖွယ်ရာ၊ ကြောက်မက်ဖွယ်ရာများ၊ စွန့်စားမှုများ ပါရှိနေသည့်အတွက်ကြောင့်ဖြစ်သည်။ မိန်းကလေးများမှာမူ ဤအချင်းအရာများကို သိနားလည်မှု နည်းပါးတတ်ကြခြင်း၊ စစ်ကို စိတ်ဝင်စားမှုမရှိခြင်းနှင့် အကျိုးဆက်တို့ကို ဂရုမထားမိခြင်းတို့ကြောင့်ဖြစ်နိုင်သည်ဟူ၍ ဤသုတေသနလေ့လာမမှ သုံးသပ်ရပါသည်။
တတိယအချက်ကို ထပ်တူသုတေသနပြု လေ့လာချက်များ၏ တွေ့ရှိချက်များကို အခြေပြုထားခြင်းဖြစ်ပါသည်။ ကလေးများ၏ အတွေ့အကြုံများ၊ အမြင်သဘောထားများမှာ သူတို့ရှင်သန်ကြီးပြင်းနေကြရသည့် နယ်မြေနှင့် နိုင်ငံ၏ နိုင်ငံရေးရာသီဥတုနှင့် ယဉ်ကျေးမှု အခြေအနေတို့မှ လွှမ်းမိုးမှု ရှိခြင်းဖြစ်သည်။ ဥပမာအားဖြင့် နယ်သာလန်နိုင်ငံတွင် ဒုတိယကမ္ဘာစစ်ကို ရှုမြင်သုံးသပ်ကြပြီး ကနေဒါနိုင်ငံတွင်မူ နိုင်ငံအတွက် အသက်စွန့်လွှတ်ခဲ့ကြသော စစ်သည်တော်များအတွက် အမျိုးသားအောက်မေ့ဖွယ်ရာနေ့နှင့် ပတ်သက်ပါသည်။ အိန္ဒိယနိုင်ငံတွင်လည်းအလားတူ ဖြစ်ရပ်များနှင့် အခမ်းအနားများကို ကျင်းပလေ့ရှိသည်။ ဥပမာ- ကာဂေး
စစ်ပွဲတွင် ယခု မျိုးဆက်များအတွက် အသက်ပေးစွန့်လွှတ်၍ တိုက်ပွဲဝင်ခဲ့ကြသော စစ်သည်တော်များကို စံပြုထိုက်သူများ အနေဖြင့် သတ်မှတ်ကြခြင်းဖြစ်သည်။

စစ်၊ ငြိမ်းချမ်းရေးနှင့် မြန်မာကလေးများ၏ အမြင်သဘောထားများ

၂ဝဝ၆ ခုနှစ်နှောင်းပိုင်းနှင့် ၂ဝဝ၇ ခုနှစ် အစပိုင်းတွင် မြန်မာနိုင်ငံ ပြည်တွင်းနှင့် နယ်စပ်ဒေသရှိ လူငယ်များ၊ ကလေးများနှင့် တွေ့ဆုံ၍ စစ်နှင့် ငြိမ်းချမ်းရေးဆိုင်ရာ သူတို့၏ အမြင်သဘောထားကို စူးစမ်းလေ့လာခဲ့ပါသည်။ မတူညီသော နောက်ခံဖြတ်သန်းမှု ရှိကြသည့် ကလေးများနှင့် လူငယ်များထံမှ စိတ်ဝင်စားဖွယ်ရာ အချက်အလက်များကို ရရှိခဲ့သည်။ တွေ့ဆုံမေးမြန်းခဲ့သည့် အသက် ၈ နှစ်မှ ၁၅ နှစ် အရွယ်ကလေးအုပ်စု အဓိကအုပ်စု (၂) စုမှာ ပြည်တွင်းစစ် နှစ်ရှည်ဖြစ်ပွားနေသည့် မြန်မာနိုင်ငံနယ်စပ်ဒေသများတွင် နေထိုင်ကြ သော ကလေးများဖြစ်သည်။ ရက်စက်ကြမ်းကြုတ်လှစွာသော ပြည်တွင်းစစ်ပွဲများကြောင့် အိုးအိမ်၊ ဇာတိရပ်ရွာနှင့် မိသားစုဝင်များ ဆုံးရံးခဲ့သော ကလေးများ ပါရှိပြီး ဆယ်ကျော်သက်အရွယ်အထိ နိုင်ငံရေးတည်ငြိမ်မှု မရှိသည့် နယ်မြေများ၊ စစ်ပွဲများဖြစ်ပွားခဲ့သည့်
နယ်မြေများတွင် လူလားမြောက်ခဲ့ကြရသူများ ဖြစ်သည်။

ပြည်တွင်းမြို့ပြနောက်ခံတွင် ရှင်သန်ကြီးပြင်းလာခဲ့သည့် လူငယ်များ၊ ကလေးများနှင့်လည်း သီးသန့် အုပ်စုအနေဖြင့် တွေ့ဆုံမေးမြန်း ခဲ့ပါသည်။ မြန်မာနိုင်ငံ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံရေးလှုပ်ရှားမများကြောင့် မိဘများ အကျဉ်းကျခံခဲ့ကြရစဉ် ကာလများတွင် အကျပ်အတည်းများနှင့် လူလားမြောက်ခဲ့ကြရသည့် ကလေးများ၊ လူငယ်များ ပါဝင်ခဲ့သည့်။ နာမည်ကျော် သမိုင်းဝင် ကိုးကိုကျွန်းပြန် နိုင်ငံရေးအကျဉ်းသားများ၏ သားသမီးဖြစ်သူ လူငယ်အချို့နှင့်လည်း တွေ့ဆုံ၍ သူတို့၏ စစ်နှင့် ငြိမ်းချမ်းရေးဆိုင်ရာ အမြင်သဘောထားတို့ကို စုံစမ်း မေးမြန်းခဲ့ပါသည်။ ထို‹အတူ ပြည်တွင်းမြို့ပြဒေသများတွင် လူလတ်တန်းစားမိဘများမှ မွေးဖွားခဲ့ပြီး ပုံမှန် အခြေအနေတွင် ကြီးပြင်းလျက်ရှိနေသော ကလေးများကိုလည်း တွေ့ဆုံမေးမြန်းခဲ့သည်။

မတူညီသော အခြေအနေများတွင် မြန်မာကလေးများ ရှင်သန်ကြီးပြင်း လာနေကြသော်ငြားလည်း သူတို့အားလုံး၏ စစ်နှင့် ငြိမ်းချမ်း ရေးဆိုင်ရာ အမြင်သဘောထားများမှာမူ အံ့သြဖွယ်ရာ၊ စိတ်ဝင်စားဖွယ်ရာ၊ အနာဂတ်အတွက် ပိုမို အလားအလာကောင်းသော မျှော်လင့်ချက်များကို ရရှိခဲ့ပါသည်။ ကလေးအများစုသည် စစ်အနိဌာရုံများကို ကိုယ်တိုင်ဖြစ်စေ၊ မိသားစုဝင်များမှဖြစ်စေ ခံစား ခဲ့ကြဖူးသူများဖြစ်သည်။ သို့ဖြစ်၍ စစ်၏ ဆိုးကျိုးများ၊ နစ်နာရမှုများကို ထဲထဲဝင်ဝင် သိမြင်နားလည်ထားကြသည်။ ပိုမို၍ တည်ငြိမ် သော၊ ကျောင်းပုံမှန် တက်ရောက်နိုင်သော၊ မိသားစု တစ်စုတစ်စည်းတည်း ရှိနိုင်သော အခြေအနေများကို မျှော်လင့်ထားကြသည်။ ငြိမ်းချမ်းရေး၏ တန်ဖိုးအတွက် အရင်းအနှီး များစွာ ပေးခဲ့ရသော ဤကလေးများမှ ပိုမို၍ လူသားချင်းစာနာ နားလည်တတ်မှု၊ ကူညီ ဖေးမလိုစိတ်နှင့် နူးညံ့သော စိတ်နှလုံးသား ပိုင်ရှင်များဖြစ်သည်ကို စိတ်ဝင်စားဖွယ်ရာ လေ့လာတွေ့ရှိခဲ့ရပါသည်။

တစ်ဆက်တည်းမှာပင် အမှန်တရားဘက်မှ ရပ်တည်ရန်လည်း သူတို့ ဝန်မလေးတတ်ကြကြောင်းကို တွေ့ရှိရသည်။ ကစားကွင်းများ အတွင်း ဖြစ်ပွားတတ်သည့် ပဋိပက္ခများကို ဖြေရှင်းရာတွင် အကြမ်းဖက်ဖြေရှင်းမှုကို လက်မခံနိုင်ကြောင်း ဤအသက် ၈ နှစ်နှင့် ၁၅ နှစ် ကလေးအုပ်စု (၂) ခုလုံးမှ ဆွေးနွေးကြပါသည်။ မိဘများ၊ လူကြီးများ၊ ဆရာဆရာမများမပါဝင်စေဘဲ သူတို့ ကိုယ်တိုင် ဖြေရှင်းနိုင် သည်ကို ယုံကြည်ကြကြောင်းလည်း ဖြေကြားကြသည်။ သူတို့ အချင်းချင်းဖြေရှင်းခွင့် ရရှိရန် အရေးကြီးသည်ဟူ၍လည်း ပြောကြား ကြသည်။ ကလေးအများစုသည် လူကြီးများ (သူတို့၏ ဦးလေးများ၊ အကိုကြီးများ၊ မိဘများ) ဖြတ်သန်းခဲ့ကြရသော ခက်ခဲ ကြမ်းတမ်း သည့် ဘဝများကို ဖြတ်သန်းရမည်ကို အလွန်အမင်း စိုးရိမ်မှုများရှိနေကြောင်း ဖွင့်ဟပြောဆိုကြပါသည်။

ကိုးကိုးကျွန်းပြန်နိုင်ငံရေး အကျဉ်းသား ဟောင်းတစ်ဦး၏ သားဖြစ်သူမှ “ကျွန်တော့်ဘဝတစ်လျောက်လုံးမှာ အဖေဖြတ်သန်းခဲ့ရတဲ့ ဘဝမျိုးကို မရောက်အောင် သိစိတ်ထဲကရော၊ မသိစိတ်ထဲကပါ သတိထားပြီး နေခဲ့ရပါတယ်။ ဒါပေမယ့်အမှန်တရားဖက်က ရပ်တည် ဖို့ အဆင့်သင့်ရှိပါတယ်။ မိသားစုဘဝတွေ ပိုမိုဆိုးဝါးခါးသီးတဲ့ အခြေအနေတွေကို မရောက်အောင်၊ မကြုံရအောင် တစ်လျောက်လုံး သတိနဲ့နေထိုင်ပြီး ရပ်ရွာလူထုအတွက် တစ်နိုင်တစ်ပိုင် အတတ်နိုင်ဆုံး လုပ်သွားဖို့ကို ဟိုးငယ်ငယ်လေးထဲက ဆုံးဖြတ်ထားခဲ့တာပါ။ ” ဟူ၍ ဆွေးနွေး ပြောဆိုခဲ့သည်။ ဤလူငယ်လေး၏ အမြင်သဘောထားမှာ ပြည်တွင်းစစ်ပွဲများ၊ နိုင်ငံရေး အကျပ်အတည်းများနှင့် ကြုံတွေ့ခဲ့ကြရသော မိသားစုများမှ ကလေးများ၏ အမြင်သဘောထားတို့ကို ထပ်တူကိုယ်စားပြုထားသည်ကို လေ့လာတွေ့ ရှိရပါသည်။

အတိတ်မှ လူမှုအနိဌာရုံများ Social evils ၏ လွှမ်းမိုးမှုအောက်တွင် သူတို့မနေလိုကြကြောင်းကိုလည်း ဖွင့်ဟဆွေးနွေးခဲ့ကြပါသည်။ အကောင်းဆုံးနှင့် အတတ်နိုင်ဆုံး ရပ်ရွာအကျိုးကို သယ်ပိုးလိုစိတ်များရှိကြပြီးလျှင် အနိုင်ကျင့်ဗိုလ်ကျမှုနှင့် အကြမ်းဖက်မှုကို သည်းမခံနိုင်ကြသည်ကိုလည်း လေ့လာတွေ့ရှိရပါသည်။ တိုင်းကျိုးပြည်ပြုလုပ်ရပ်များ၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် အမျိုးသား လွတ်မြောက်ရေးအတွက် ပေးဆပ်စွန့်လွှတ်ခဲ့သူများကို ဤလူငယ်လေးများ၊ ကလေးငယ်များမှ စံပြုတန်ဖိုး ထားကြသည်ကိုလည်း လေ့လာတွေ့ရှိရပါသည်။ သူတို့၏ ဘဝများနှင့် အနာဂတ် မျိုးဆက်များအတွက် စစ်နှင့် အနိဌာရုံများမှ ကင်းဝေးလိုကြပြီးလျှင် ပိုမို၍
ငြိမ်းချမ်းသော၊ တရားမျှတမှုရှိသော ရပ်ရွာ၊ လူ့အဖွဲ့အစည်းကို မျှော်လင့် တောင့်တမှုများရှိသည်ကိုလည်း တွေ့ရှိရသည်။ ဤအတွက် သူတို့သည် ကျောင်းပညာရေးအပေါ် မျှော်လင့်အားထားကြသည်။ လိပ်ခဲတည်းလည်း ဖြစ်နေသည့် နိုင်ငံရေးနှင့် လူမှုအကျပ်အတည်း များမှ သူတို့နည်း သူတို့ဟန်ဖြင့် လူငယ်များ ဖောက်ထွက်နိုင်ကြမည်ကိုလည်း ယုံကြည်ကြကြောင်း လေ့လာတွေ့ရှိရပါသည်။

သို့ရာတွင် မြန်မာနိုင်ငံအတွင်း နှစ်ပေါင်းများစွာ ကျောင်းဆရာ၊ ဆရာမလုပ်ခဲ့သူများမှ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးနှင့် သမိုင်းဖြစ်ရပ် မှန်များကို ကျောင်းစာသင်ခန်းများတွင် လေ့ကျင့်သင်ကြားမှု မရှိသေးခြင်းနှင့် ဘက်မညီသော အချက်အလက်များဖြင့် သင်ရိုးညွှန်း တမ်းကို ဖွဲ့စည်းထားဆဲဖြစ်ကြောင်း ဆွေးနွေးပြောဆိုကြသည်။ အထူးသဖြင့် မြန်မာဆရာဆရာမများမှ အနိဌာရုံများပြည့်နှက်နေသော ရပ်ရွာလူ့အဖွဲ့အစည်းနှင့် လူသားမျိုးနွယ်အတွက် အန္တရာယ်ရှိသော လူ့အဖွဲ့အစည်းအတွင်းတွင် ကလေးများ ပညာသင်ကြားရပြီး လူလားမြောက်လာရခြင်းအပေါ်အနာဂတ်အတွက် စိုးရိမ်မှုများရှိကြောင်း လေ့လာတွေ့ရှိရပါသည်။ အထူးသဖြင့် ဆယ်စုနှစ် များစွာ ကြာမြင့်နေပြီဖြစ်သည့် အထွေထွေအကျပ်အတည်းနှင့်အတူ ပညာရေးဆိုင်ရာတန်ဖိုးများ ကျဆင်းလာရခြင်းများကြောင့် အနာဂတ် မျိုးဆက်များအတွက် ရင်လေးဖွယ်ရာဖြစ်ကြောင်း ဖွင့်ဟဆွေးနွေးခဲ့ကြသည်။ ဒီမိုကရေစီရေး၊ လူမှုအထွေထွေ သဟဇာတဖြစ်ရေးနှင့် ငြိမ်းချမ်း၍ ရေရှည်ဖွံ့ဖြိုး တိုးတက်မှုကို အာမခံနိုင်သော အနာဂတ်ဘ၀အတွက် ပညာရေးကဏ္ဍမှ ပြင်ဆင်ပေးနေခြင်း မရှိသေးဟူ၍ လည်း မြန်မာကျောင်းဆရာဆရာမများမှ ခံစား ပြောဆိုကြပါသည် (ပညာရေးဆွေးနွေးပွဲစကားဝိုင်း၊ ဒီဇင်ဘာ ၂ဝဝ၆၊ ထိုင်း-မြန်မာနယ်စပ်)။

နိဂုံးချုပ်အနေဖြင့် ငြိမ်းချမ်းရေးအတွက် ပညာရေးကို ကမ္ဘာ့ဖြစ်ရပ်များ၊ မြန်မာ့ဖြစ်စဉ်များ၊ လက်ရှိအခြေအနေများနှင့် စပ်လျဉ်း၍ ဆရာဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားများအကြား အပြန်အလှန် ဆွေးနွေးခြင်း၊ သုံးသပ်ခြင်း၊ ပိုမိုအလားအလာကောင်းသော ရပ်ရွာလူ့အဖွဲ့အစည်း ဖြစ်ထွန်းတည်တံ့နိုင်ရန်မှာ အားလုံး၏ တာဝန်ဖြစ်ခြင်း အစရှိသည်တို့ပါရှိသော သင်ခန်းစာများကို တည်ဆောက်သင့်ပါသည်။

ငြိမ်းချမ်းရေးအတွက် ပညာရေးဆိုင်ရာ သင်ယူခြင်း- သင်ကြားခြင်းနည်းလမ်းများ

လူသားကို အလေးထားသော (လူသားဗဟိုပြု) သင်ကြားခြင်းနည်းစနစ်များ- စာသင်ခန်းအတွင်းလုပ်ဆောင်နိုင်မှုများ

ငြိမ်းချမ်းရေးအတွက် ပညာရေးဆိုင်ရာ လေ့လာမှုပြုလုပ်ခဲ့သည့် ဆာရော့ ဆရီဝါစတာဗာ (၁၉၈၈) မှ လူသားကို အလေးထားသည့် သင်ကြားမှုနည်းလမ်းများကို ထုတ်ဖော်ဆွေးနွေးခဲ့ပါသည်။ ငြိမ်းချမ်းရေးအတွက် ရည်မှန်းချက်များ အောင်မြင်နိုင်စေရန်အတွက် ဖြစ်သည်။ သူမ၏ လေ့လာချက်များအရ စာသင်ခန်းအတွင်း ဆရာဆရာမများမှ လုပ်ဆောင်နိုင်သော လက်တွေ့လုပ်ဆောင်မှုများ၊ သင်ခန်းစာအကြောင်းအရာများကို အောက်တွင် ဆွေးနွေးထားပါသည်။


(၁) မိမိကိုယ်ကို (အတ္တ) ဗဟိုပြု စဉ်းစားတွေးခေါ် ခြင်းမှ ကျော်လွန်၍ စဉ်းစားတွေးခေါ်လာတတ်စေရန် ကလေးများကို ကူညီပေးခြင်း၊
ဤအပိုင်းအတွက် လုပ်ဆောင်ချက် (၄) မျိုးကို ဆွေးနွေးထားပါသည်။

(က) လူသားအချင်းချင်း အပြန်အလှန်ဆက်ဆံရေးနှင့် နားလည်မှု ဖြစ်ထွန်းစေရန်အတွက် လုပ်ဆောင်ချက်များ၊ (ဥပမာ- အမျိုးသမီး များနေ့၊ မိဘများနေ့၊ ဖခင်များနေ့၊ မိခင်များနေ့၊ ရပ်ရွာဒေသအတွင်း အထိမ်းအမှတ်နေ့များ၊ ပြည်နယ်နေ့၊ လူမျိုးစုနေ့ စသည်ဖြင့်၊) ဤလုပ်ဆောင်ချက်များမှာ လူအချင်းချင်း ဆက်ဆံရာတွင် ညီညွတ်မျှတစေရန်အတွက် နားလည်မှု ပိုမိုရရှိစေခြင်းအပြင် အခြားသူများနှင့် အတူတကွ နေထိုင်ရခြင်းအပေါ် ပိုမို၍ ကျေနပ်ပျော်ရွှင်ဖွယ်ရာ အနေဖြင့် ရှုမြင်လာတတ်ခြင်းတို့အတွက် ဖြစ်သည်။

(ခ) တိရစ္ဆာန်မျိုးနွယ်စုများ (သတ္တလောကတစ်ခုလုံး) နှင့်လူသား၏ အပြန်အလှန် ဆက်နွယ်နေခြင်း သဘောတရား၊ ကမ္ဘာလုံးဆိုင်ရာနှင့် မြန်မာနိုင်ငံ သဘာဝပတ်ဝန်းကျင်နေ့များ ကျင်းပခြင်း၊ တိရိစ္ဆာန်မျိုးနွယ်စုများ၊ ရှားပါးသတ္တဝါများ၊ အပင်များ၏ ရုပ်ပုံဖြတ်ပိုင်းများကို စုစည်းထားရှိသည့် မှတ်တမ်းစာအုပ်၊ အယ်ဘမ်ကို ကလေးများအုပ်စုအလိုက် စုပေါင်း၍ ပြုစုထားရှိခြင်း၊ တိရိစ္ဆာန်ရုံများ၊ ကြိုးဝိုင်း သစ်တောနယ်မြေများ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထူးခြားသောနေရာများ လေ့လာရေးခရီး သွားရောက်ခြင်း၊ သဘာဝပတ်ဝန်းကျင်၏
ညီမျှခြေကို ထိန်းသိမ်း၍ လူသား၏ အကျိုးစီးပွားအတွက် တိရိစ္ဆာန်များမှ အကျိုးပြုပုံတို့ကို ဆရာဆရာမများ၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ကလေးများ အုပ်စုအလိုက် စီမံကိန်းသင်ခန်းစာများဖြင့် လေ့လာကြခြင်း၊

(ဂ) အပင်မျိုးနွယ်များနှင့် လူသားမျိုးနွယ်၏ ဆက်နွယ်နေပုံ၊ လူသား၏ ရှင်သန်မှုအပေါ် များစွာလွှမ်းမိုးမရှိသော အပင်မျိုးနွယ်စုများ၊ အပင်များ၊ သစ်ပင်များအပေါ် အမြင်သစ်များရရှိစေခြင်း၊ မျိုးနွယ်စုများ ထိန်းသိမ်းခြင်း၊ ရေကန်ငယ်များဖန်တီးခြင်း။

(ဃ) သက်မဲ့များ၏ ပတ်ဝန်းကျင် (သြကာသလောက) နှင့် ဆက်စပ်ပုံ။ မြေ၊ ရေ၊ လေ၊ မီးနှင့် အယ်သာ အစရှိသောဒြပ်ပေါင်းများ ပါဝင်သည့် ရုပ်ပိုင်းဆိုင်ရာကမ္ဘာကြီးက ပြဌာန်းထားရှိမှုအပေါ် လူသားမျိုးနွယ်မှ မှီတင်းရှင်သန်နေထိုင်ကြရခြင်း၊ မြန်မာတိုင်းရင်းသား လူမျိုးစုအချို့ဒေသများနှင့် ရိုးရာဓလေ့များအရ ဤသဘာဝလောကအပေါ် မြတ်နိုးလေးစားစွာ ကိုးကွယ်ခြင်း၊ အလေးထားခြင်းများ၊ ပွဲတော်များ ကျင်းပခြင်းများရှိပါသည်။ ကျောင်းသူ၊ ကျောင်းသားများအုပ်စုအလိုက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စီမံကိန်းသင်ခန်းစာ group activities/ projects များကို သုတေသနပြုလေ့လာခြင်း၊ (သက်ရှိမျိုးနွယ်စုများ မတူညီကွဲပြားခြားနားခြင်းများ၊ ထွေပြားခြင်း diversity အပြန်အလှန်ဆက်စပ်ပုံများ interrelatedness အပြန်အလှန် အမှီသဟဲပြုနေရခြင်း interdependence စသည်တို့ကို လေ့လာနိုင်ပါသည်။)

(၂) ကျောင်းသူ၊ ကျောင်းသားများ၏ နေ့စဉ်မှတ်တမ်းများ-

ကလေးများအနေဖြင့် နေ့စဉ်မှတ်တမ်းစာအုပ်၊ ဒိုင်ယာရီထားရှိပြီး အရေးကြီးသော ဖြစ်ရပ်များကို မှတ်တမ်းတင်ခြင်း၊ သူတို့မှ အားနည်းသူ များကို ကူညီပေးပုံများကို ရေးမှတ်ထားခြင်း၊ (ဥပမာ- ကောင်းမှုတစ်ခု နေ့စဉ်ပြုဆောင်ပုဒ်အရ ကလေးများ တစ်ရက်တာအတွင်း ပြုလုပ်ခဲ့သည့် အမှုကိစ္စ၊ ပရဟိတအများကိစ္စကို မှတ်တမ်းရေးသွင်းခြင်း)၊ သူတို့ပြုလုပ်ခဲ့သော မကောင်းမှုများ၊ မလုပ်သင့်သည့်ကိစ္စများ (ဥပမာ- ခိုးယူခြင်း၊ လိမ်ညာပြောဆိုခြင်း၊ တိရိစ္ဆာန်ငယ်များအပေါ်ရက်စက်စွာ ပြုမူခြင်း၊ ရိုက်နှက်ခြင်း၊ သူငယ်ချင်းများနှင့် ရန်ဖြစ်ခြင်း၊ သူတပါး နစ်နာအောင်ပြောဆိုခြင်း၊ မိဘများ၊ ဆရာဆရာမများအပေါ် မလေးစားခြင်း) တို့ကိုလည်း မိမိကိုယ်တိုင် ပြန်လှန် စဉ်းစား တွေးတော၍ မှတ်တမ်းတင်ခြင်း၊ မိမိ၏ လုပ်ရပ်၊ အပြုအမူတို့ကို ကိုယ်တိုင် သုံးသပ်စစ်ဆေးခြင်း။

(၃) ကျန်းမာအောင်ပြုမူနေထိုင်ခြင်း-

စည်းကမ်းရှိခြင်း၊ ကိုယ်စိတ် ရွှင်လန်းစေရန် အားကစားနှင့် အသက်ရှုလေ့ကျင့်ခန်းများ (ဥပမာ - ယောဂ) ပုံမှန်ပြုလုပ်ခြင်း၊ စောစော အိပ်ထပြုကျင့်က တွင်းပ ကိုယ်ခန္ဓာဟူသောဆောင်ပုဒ်အရ အိပ်ချိန်၊ နားချိန် အလုံအလောက်ရရှိစေခြင်း၊ ပုံမှန်ဖြစ်စေခြင်း၊ ကိုယ်ခန္ဓာ တွင်းရှိ ကြွက်သားများ၊ အကြောများ တင်းမာခြင်း၊ အိပ်မပျော်သည့် ရောဂါကို ကုသနိုင်သော လေ့ကျင့်ခန်းများ၊ အသက်ရှု လေ့ကျင့်ခန်း များကို လေ့ကျင့်စေခြင်း၊ စသည့် အလေ့အကျင့်ကောင်းများသည် ကိုယ်စိတ်နှစ်ဖြာ ညီညွတ်မျှတစေပြီး ကျန်းမာရွှင်လန်း စေပါသည်။

(၄) အုပ်စုနှင့် နေထိုင်တတ်၍ မျှမျှတတလုပ်ကိုင်တတ်ခြင်း-

အတန်းအလိုက်၊ အုပ်စုအလိုက်၊ အဖွဲ့အလိုက်လုပ်ဆောင်ချက်များတွင် ‘ငါ’ အစား "ငါတို့" ဟူ၍ ခံစားတတ်လာစေခြင်း၊ အခါအားလျော် စွာ ကလေးများ စုပေါင်း၍ ညအိပ်ညနေ လေ့လာရေးခရီးထွက်ကြခြင်း၊ စခန်းသွင်းလေ့ကျင့်ပေးခြင်း၊ ပင်လယ်၊ တောတောင်နေရာ များသို့ အလယ်အပတ်သွားကြခြင်း၊ ဤလုပ်ဆောင်ချက်များသည် ကျဉ်းမြောင်းသော ပုဂ္ဂလ (အတ္တ) ဗဟိုပြု စဉ်းစားတွေးခေါ်ခြင်း၊ ပြုမူလုပ်ကိုင်ခြင်းများနှင့် အယူအဆသဘောတရား၊ ဘာသာရေးနှင့် လူမျိုးရေးဆိုင်ရာ မတူညီကွဲပြားခြားနားချက်များ၏ အနှောင်အဖွဲ့များ မှ ကျော်လွန် လွတ်မြောက်စေပါသည်။ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုး၍ ရင့်ကျက်တည်ငြိမ်စေရန်အတွက် ကျောင်းတွင်းနှင့် ရပ်ရွာ လူအဖွဲ့အစည်း အတွင်း စုပေါင်းသီချင်းဆိုခြင်း၊ ကစားခြင်း၊ စုပေါင်းစားသောက်ကြခြင်းတို့ကို အခါအားလျော်စွာ ပြုလုပ်သင့်ပါသည်။ မိဘမဲ့ဂေဟာများ၊ မသန်မစွမ်းကျောင်း၊ လူအိုရုံများနှင့် အခြားသော လူမှုရေးနှင့် ယဉ်ကျေးမှု ဆိုင်ရာနေရာများသို့ သွားရောက်လေ့လာခြင်း၊ နိုင်ငံတကာ ပညာရေးပညာရှင်များမှ ကလေးများတွင် “တို့အားလုံးဟာ အတူတူ၊ တို့တတွေ အားလုံးဟာ ညီအကိုမောင်နှမတွေ၊ ရိုင်းပင်းကူညီကြစို့” ဟူသော ခံစားချက်ကို ရရှိစေခြင်းသည် လူသားမျိုးနွယ်၏ အနာဂတ်အတွက် အာမခံချက် အရှိဆုံးသော ငြိမ်းချမ်းရေး တည်ဆောက်ခြင်း ပင်ဖြစ်ကြောင်း မီးမောင်းထိုး တင်ပြထားကြပါသည်။ အုပ်စုအလိုက်၊ အဖွဲ့အလိုက် စုပေါင်း လုပ်ဆောင်ချက်များသည် တစ်ဦးကောင်း တစ်ယောက်ကောင်း လုပ်ဆောင်ချက်များနှင့် အုပ်စုတစ်ခုလုံး၏ အောင်မြင်သော လုပ်ဆောင်ချက်များမှာ အပြန်အလှန် ဆက်စပ်နေခြင်း သဘောကို သိနားလည်စေနိုင်ပါသည်။

(၅) သဘာဝအလျောက်အညီအညွတ် လိုက်လျောညီထွေလုပ်ဆောင်တတ်လာခြင်း-

အတိတ်ကာလများနှင့် လက်ရှိကျောင်းပညာရေး သင်ရိုးညွှန်းတမ်းများသည် အချက်အလက်များစွာကို အလွတ်ကျက်မှတ် ရရှိစေရန်
(ရမှတ်) အတွက်သာ အလေးထားပါသည်။ အတူတကွ အသက်ရှင်နေထိုင်နိုင်ခြင်းစွမ်းရည်နှင့် ညီညွတ် မျှတစွာဖြင့် လူ့အဖွဲ့အစည်း အတွက် လုပ်ကိုင်ဆောင်ရွက်တတ်ခြင်း စွမ်းရည်တို့ကို ကျောင်းပညာရေးမှ ပြင်ဆင် မပေးနိုင်ခဲ့ပါ။ အညီအညွတ် လုပ်ကိုင်တတ်ခြင်း စွမ်းရည် ဖွံ့ဖြိုးရရှိစေခြင်းသည် အုပ်စုများ၏ တင်းမာမှုများ၊ ပြိုင်ဆိုင်ခြင်းများကို လျော့ပါးစေပါမည်။ ကလေးများကို သူတို့၏ ကျောင်း၊ လူမျိုး၊ နယ်မြေနှင့် နိုင်ငံအတွက် ဂုဏ်ယူဖွယ်ရာများကို လေ့လာ၍ စာရင်းပြုစုစေခြင်း၊ ထို့အတူ သူတို့၏ ကျောင်း၊ လူမျိုး၊ နယ်မြေနှင့် နိုင်ငံအတွက် ဂုဏ်သိက္ခာကျဆင်းစေသည့် လုပ်ရပ်များကိုလည်း စာရင်းပြုစုကြခြင်း၊ စုစည်းညီညွတ်ခြင်း၏ အကျိုးတရားများ၊ မညီညွတ် ခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးရလဒ်များကို သမိုင်းဝင် ပုံဝတ္ထုများ၊ လက်တွေ့ ဖြစ်ရပ်များမှ သာဓကထုတ်၍ လေ့လာစေခြင်းများကို ကျောင်းစာသင်ခန်းများအတွင်း၌ ပြုလုပ်နိုင်ပါသည်။

(၆) တမျိုးသားလုံးနှင့် တကမ္ဘာလုံးငြိမ်းချမ်းရေးအစ ကျောင်းစာသင်ခန်းက -

ငြိမ်းချမ်းရေးဖွံ့ဖြိုး တိုးတက်စေရန်အတွက် ကျောင်းပညာရေးမှ အစပြု၍ လေ့ကျင့်သင်ကြားရာဝယ် တစ်မျိုးသားလုံး၏ ငြိမ်းချမ်းရေးနှင့် မျှတညီညွတ်သော လူ့အဖွဲ့အစည်းတစ်ရပ်အတွက် မျှော်မှန်းချက် ထားရှိခြင်းပင်ဖြစ်သည်။ နိုင်ငံနှင့် နယ်မြေဆိုင်ရာ မည်သည့် အရေး ကိစ္စ၊ အရေးအခင်းမဆို အားလုံးနှင့် သက်ဆိုင်ကြောင်းနှင့် အားလုံး၏ ပါဝင်လုပ်ဆောင်မှု၊ ကိုယ်စီတာဝန်ယူမှု၊ ပံ့ပိုးကူညီမတို့ကို သိရှိ နားလည်စေရန် လေ့ကျင့် ပေးရမည်ဖြစ်သည်။ (ဥပမာအားဖြင့်- အမျိုးသားလွတ်မြောက်ရေး အတွက်လှုပ်ရှားမှုများ၊ တရားမျှတမှု အတွက် တောင်းဆိုမှုများ၊ လူ့အခွင့်အရေးလပ်ရှားမှုများ၊ သဘာဝဘေးအန္တရာယ်များ၊ ငလျင်၊ ဆူနာမီဒီရေလှိုင်း စသည်၊)

အခြားသော သင်ကြားနည်းအသစ်များနှင့် သင်ရိုးညွှန်းတမ်း

ငြိမ်းချမ်းရေးအတွက်ပညာရေးဆိုင်ရာ သင်ကြားနည်းများကို ဖော်ထုတ်ဆွေးနွေးပါမည်။ အစဉ်အလာအရ သမိုင်းသင်ခန်းစာများတွင် ပါရှိသော စစ်ပွဲများအကြောင်းနှင့် ပဋိပက္ခများ၊ တိုက်ခိုက်သိမ်းပိုက်မှုများ၊ စစ်အောင်မြင်မှုများ၊ တစ်ဖက်သက် ထိုးနှက်သတ်ဖြတ်မှုများ၊ လူမှုအနိဌာရုံများ အလွန်အမင်းပါရှိသော သင်ခန်းစာများကို ပြောင်းလဲပြင်ဆင်ရပါမည်။ ပညာရေးဆိုင်ရာ ပညာရှင်တစ်ဦးဖြစ်သူ မူတာ့ (Muttart ၁၉၈၇) မှ “ကျွန်တော်တို့ရဲ့ စိတ်နှလုံးသားတွေထဲမှာ ငြိမ်းချမ်းရေးကို အနှောင့်အယှက်ဖြစ်စေတဲ့ အတားအဆီးမှန်သမျှကို စွန့်လွှတ်ကြရပါလိမ့်မယ်။ လူမျိုးရေး၊ ဘာသာတရားနဲ့ လိင်ပိုင်းဆိုင်ရာ အစွန်းရောက်တဲ့ အယူအဆတွေ၊ အမြင်သဘောထားတွေ ပါပါ တယ်။” ဟူ၍ထောက်ပြခဲ့ပါသည်။ ကျောင်းပညာရေးမှာ ဤအစွန်းရောက်သော အမြင်သဘောထားများမှ ကင်းစင်စေရန်အတွက် အထိ ရောက်ဆုံးဖြစ်သည်။ သို့ဖြစ်၍ ကျောင်းပညာရေးဆိုင်ရာ သင်ရိုးညွှန်းတမ်းများ၊ လုပ်ဆောင်ချက်များ၊ သင်ခန်းစာများသည် ပညာရေး၏ အဓိက အနှစ်သာရဖြစ်သည့် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစဉ်ဦးတည်နေစေသင့်ပါသည်။ ယူနက်စကိုအစရှိသည့် နိုင်ငံတကာနှင့် ဒေသတွင်းရှိ ပညာရေးအဖွဲ‹အစည်းများနှင့် လက်တွဲလုပ်ဆောင်ခြင်းများသည် ပိုမို၍ အရည်အသွေးမြင့်မားသော၊ တရားမျှတမှုနှင့် ငြိမ်းချမ်းရေးကို ဦးတည်သော ပညာရေးစနစ်ကိုတည်ဆောက်နိုင်မည်ဖြစ်သည်။

အတ္ထုပ္ပတ္တိစာပေများ

အရည်အသွေးပြည့်မီသော ပညာရေးကို အခြားတစ်ခုခုဖြင့် အစားထိုးစရာမရှိပါ။ ရစ်ချက်နစ်ဆင် Richard Nixon (၁၉၉ဝ) မှ စာပိုမိုဖတ် ရှုခြင်း၊ ပိုမိုလေ့လာခြင်း၊ ပိုမိုခံစား နားလည်ခြင်းဖြင့်သာ ဤအရည်အသွေးပြည့်မီသော ပညာရေးရရှိမည်ဟုဆွေးနွေးခဲ့သည်။ သူ၏ ကိုယ် တိုင် ဘဝအတ္ထုပ္ပတ္တိစာအုပ်ဖြစ်သည့် in the areana တွင် အခန်းတစ်ခန်းလုံးကို ကျောင်းဆရာကောင်းနှင့် ပတ်သက်၍သီးသန့် ဖွင့်ဆို ရှင်းလင်းထားခဲ့ပါသည်။ “ကလေးတိုင်းဟာ ၁၂ တန်းအဆင့်အထိ အင်္ဂလိပ်ဘာသာစာပေကို ပြည့်ပြည့်ဝဝလေ့လာရမှာဖြစ်ပါတယ်။ ကလေးတွေဟာ ရှိတ်စပီးယား၊ ဒစ်ကင်တို့ရဲ့ လက်ရာတွေကို ဖတ်ရှုပြီးသားဖြစ်နေရမယ်။ ဂန္ထဝင်ကမ္ဘာ့စာပေထဲက ရုရှစာရေး ဆရာကြီး တွေဖြစ်ကြတဲ့ တော်စတွိုင်းတို့၊ ချက်ကော့ဗ်တို့နဲ့ စပိန်စာပေပညာရှင်ကြီးတွေရဲ့ လက်ရာစာပေတွေကိုလည်း လေ့လာကြရမယ်။ လူမဲကလေးတွေဟာ ဟိုဘေး Hobbes (၁၅၈၈-၁၆၇၉) လော့က် Locke နှင့် ရူဆိုး Rousseau တို့ရဲ့ စာပေတွေကို လေ့လာကြရမှာ ဖြစ်ပြီး လူဖြူကလေးတွေကတော့ မဟတ္တမဂန္ဓီ Ghandi နှင့် မာတင်လူသာကင်း Martin Lither King Jr. တို့ရဲ့ အကြောင်းကို လေ့လာ သင်ယူကြသင့်တယ်။”

အမေရိကန်သမ္မတအဖြစ် ဆောင်ရွက်ခဲ့သူ နစ်ဆင်မှ ဆက်လက်၍ “အထက်တန်းကျောင်းက ထွက်လာတဲ့အခါမှာ ကျွန်တော့်အမေက မဟတ္တမဂန္ဓီရဲ့ ဘဝအတ္ထုပ္ပတ္တိစာအုပ်ကို ပေးဖတ်ခဲ့ပါတယ်။ ဂန္ဒီကြီးရဲ့ ငြိမ်းချမ်းစွာ ပြောင်းလဲရေးမူနှင့် အနုနည်းနဲ့ ဆန့်ကျင်တော်လှန်တဲ့ အတွေးအခေါ်တွေကို အမေရော ကျွန်တော်ပါ အများကြီး သဘောကျခဲ့ကြပါတယ်။ ” (စာမျက်နှာ ၈၄) ဟူ၍ ရေးသားထားခဲ့သည်။

မြန်မာနှင့် ကမ္ဘာအနှံ့ရှိ စာရေးဆရာကြီးများ၊ သိပ္ပံပညာရှင်ကြီးများနှင့် ကမ္ဘာကျော်နိုင်ငံရေးသမားများ၊ တော်လှန်ရေးသမားကြီးများ၏ ဘဝအတ္ထုပ္ပတ္တိစာအုပ်၊ စာပေများသည် သူတို့၏ ကမ္ဘာ့ငြိမ်းချမ်းရေး၊ လူသားမျိုးနွယ်၏ အကျိုးစီးပွားနှင့် တိုင်းကျိုးပြည်ပြုလုပ်ရပ်များကို လေ့လာခွင့်ရရှိစေပါသည်။ မဟတ္တမဂန္ဒီနှင့် ပတ်သက်၍ ဂန္ဒီကြီး ကွယ်လွန်သည့်အခါဝယ် သိပ္ပံပညာရှင် အဲလဗတ်အိုင်စတိုင်း၏ ကမ္ဘာကျော်မှတ်ချက်မှာ - “နောင်လာမယ့် မျိုးဆက်တွေဟာ ဤမြေကမ္ဘာပေါ်မှာ ဂန္ဒီကြီးလိုမျိုး ပုဂ္ဂိုလ်တစ်ဦးဟာ တစ်ချိန်တစ်ခါက သက်ရှိထင်ရှား ရှိနေခဲ့တယ်ဆိုတာ ယုံကြည်နိုင်ကြမယ်မထင်ဘူး။” ဟူ၍ ဖြစ်သည်။  မြန်မာနှင့် အိန္ဒိယဘုရင်ခံချုပ် ဖြစ်ခဲ့သူ လော့ဒ်မောင့်ဘက်တန် Louis V. Mountbatten မှလည်း “သမိုင်းထဲမှာ မဟတ္တမဂန္ဒီဟာ မြတ်ဗုဒ္ဓတို့၊ သခင်ယေရှုတို့လို မှတ်တမ်းတင်ခြင်း ခံရမည့်သူဖြစ်ပါတယ်။” ဟူ၍မှတ်ချက်ပြုခဲ့သည်။

ချားလ်စ်ဒါဝင်၏ ဘဝအတ္တုပ္ပတ္တိကို ပြုစုခဲ့သူ ဘိုးလ်ဘီ (၁၉၉ဝ) မှ သိပ္ပံပညာရှင်ဒါဝင်၏ ကမ္ဘာကျော် ရေလမ်းခရီး အကြောင်းကို ဖော်ထုတ်ရှင်းပြခဲ့သည်။ ဤစာအုပ်တွင် ဒါဝင်၏ ဘဝအကြောင်းနှင့် လုပ်နည်းကိုင်နည်းများကိုသာမကဘဲ သိပ္ပံနှင့် စိတ်ပညာဆိုင်ရာ သိပ္ပံနည်းကျစူးစမ်းလေ့လာပုံ၊ လေ့လာနည်းများ၊ တိရစ္ဆာန်နှင့် အပင်မျိုးနွယ်စုများကို မှတ်တမ်းတင် စုစည်းပုံ၊ စုစည်းနည်း၊ လေ့လာတွေ့ ရှိချက်များကို မှတ်တမ်းတင်နည်း စသည်တို့ကိုလည်း လေ့လာခွင့်ရရှိစေပါသည်။ ဤသည်တို့မှာ သိပ္ပံပညာကို စိတ်ပါဝင်စားသော ကျောင်းသားများအတွက် ဘဝအတ္ထုပ္ပတ္တိသမိုင်းဆိုင်ရာနှင့် သိပ္ပံနည်းစနစ်များကိုပါ လေ့လာခွင့်ရရှိခြင်းဖြစ်သည်။

မြန်မာ့လွတ်လပ်ရေးအတွက် အသက်ပေးကြိုးပမ်းခဲ့ကြသည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများဖြစ်ကြသည့် ဒီးဒုတ်ဦးဘချို၊ သခင်မြ၊ ဦးဘဝင်း၊ ဦးရာဇတ်၊ မန်းဘခိုင်၊ မိုင်းပွန်စော်ဘွားကြီးစပ်စံထွန်း၊ ဦးအုန်းမောင်၊ ရဲဘော်ကိုထွေး၊ ခေတ် အဆက်ဆက် အမျိုးသား လွတ်မြောက်ရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် စွန့်လွှတ်စွန့်စားကြိုးပမ်းခဲ့သူများ၊ တိုင်းကျိုးပြည်ပြု လုပ်ဆောင်ခဲ့သူများ၏ ဘဝအတ္ထုပ္ပတ္တိများကိုလည်း ကျောင်းစာသင်ခန်းများတွင် ဆွေးနွေးသင့်ပါသည်။ မျက်မှောက်ခေတ်နိုင်ငံရေးတွင် မြန်မာ့ဒီမိုကရေစီရေး ခေါင်းဆောင်ဖြစ်သည့် ၁၉၉ဝ ပြည့်နှစ် နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၊ ကျောင်းသား
ခေါင်းဆောင် ကိုမင်းကိုနိုင်တို့နှင့် အခြားသော ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ တိုင်းရင်းသားအရေး၊ စာပေနှင့် လူမှုရေး၊ ဂျန်ဒါတန်းတူ ညီမျှရေးတို့အတွက် ကြိုးပမ်းလှုပ်ရှားနေကြသူများ၊ စွန့်စားခဲ့ကြသူများ၊ ပေးဆပ်ခဲ့သူများအကြောင်းကိုလည်း လူမူရေး ဘာသာရပ်များ တွင် ထည့်သွင်းဆွေးနွေးခြင်း၊ သူတို့၏ ဘဝအတ္ထုပ္ပတ္တိများကို ဖတ်ရှုလေ့လာစေခြင်း၊ နိုင်ငံရေးနှင့် လူမှုရေးဆိုင်ရာ နှံ့စပ်ကျွမ်းကျင်သူ များကို စာသင်ခန်းများအတွင်း ဖိတ်ခေါ်၍ ဆွေးနွေးစေခြင်းများကို ပြုလုပ်သင့်ပါသည်။ အထူးသဖြင့် အလယ်တန်းနှင့် အထက်တန်း အဆင့်များတွင် မျက်မှောက်ခေတ်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေများနှင့် ယှဉ်၍ ပေးဆပ်ကြသူများ၊ ရုန်းကန်ကြိုးပမ်း နေကြသူများ၏ ဘဝအထွေထွေကို စာသင်ခန်းများအတွင်း ဆွေးနွေးသင့်ပါသည်။

ငြိမ်းချမ်းရေးအတွက် ပညာရေးဆိုင်ရာ စာသင်ကြားခြင်းနယ်ပယ်

ငြိမ်းချမ်းရေးအတွက် စံနှုန်းတန်ဖိုးများ

လူမှုဗေဒဘောင်အတွင်း သင်ယူလေ့လာခြင်းဆိုင်ရာ ပညာရှင်များမှ စံတန်ဖိုးများကို လက်ဆင့်ကမ်းရာတွင် စံပြုထိုက်သူများကို အတု ယူဖွယ်ရာအနေဖြင့် ဆွေးနွေးခြင်းများမှတဆင့် လေ့ကျင့် သင်ကြားနိုင်ပါသည်။ ၁၉၉၉ ခုနှစ်တွင် ယူနက်စကိုမှ ကြီးမှူး၍ တိုကျိုမြို့တွင် ကျင်းပခဲ့သော “နိုင်ငံတကာ နားလည်မှု ထွန်းကားရေးနှင့် ငြိမ်းချမ်းရေးအတွက် ဆရာအတတ်ပညာရေးညီလာခံ” မှ နေ၍ စံတန်ဖိုး (၁ဝ) ရပ်ကို ဖော်ထုတ်တင်ပြခဲ့ကြသည်။ (ယခင်အပတ်ကထုတ်ဝေခဲ့သည့် ကျောင်းပညာရေးသုတေသနဂျာနယ် အမှတ် (၃)
(ပထမပိုင်း စာတမ်း) တွင် အသေးစိတ်ဖော်ပြခဲ့ပါသည်။) ငြိမ်းချမ်းရေး၏ အဓိကစံတန်ဖိုးများကို သင်ကြားခြင်းနှင့် သင်ကြားမှု စွမ်းရည် များ စံတန်ဖိုးဆိုင်ရာပညာရေးကို နည်းအမျိုးမျိုးဖြင့် လေ့ကျင့်သင်ကြားနိုင်ပါသည်။ သိမှုနယ်ပယ်ဆိုင်ရာ စိတ္တဗေဒပညာရှင်များ၊ စာရိတ္တ နှင့် နီတိရေးရာပညာရှင်များ၊ ခံစားမနယ်ပယ်နှင့် လူမဆက်ဆံရေး နယ်ပယ်တွင်း သင်ယူလေ့လာရေးဆိုင်ရာ ကျွမ်းကျင်သူများမှ သင်ကြားနည်းအမျိုးမျိုးကို ဖော်ထုတ်ထားရှိကြပါသည်။ ကျောင်းဆရာဆရာမများနှင့် ဆရာအတတ်သင်နည်းပြများအနေဖြင့် ဤ သင်ကြားနည်းများနှင့် ဆင့်ပွားနည်းစနစ်များကို အသုံးပြု၍ ငြိမ်းချမ်းရေးအတွက် ပညာရေးဆိုင်ရာ သင်ယူခြင်း-သင်ကြားခြင်းကို စီစဉ်သင့်ပါသည်။

နိဂုံး
ကျောင်းစာသင်ခန်းများအတွင်း ငြိမ်းချမ်းရေးအတွက် ပညာရေး၏ ရည်မှန်းချက်မှာ ကလေးများသည် ပူးပေါင်းဆောင်ရွက်၍ လေ့လာ သင်ယူခြင်း နည်းလမ်းများဖြင့် ကျွမ်းကျင်မှုများ၊ အမြင်သဘောထားများ၊ အသိပညာများ ဖွံ့ဖြိုးရရှိစေရန်ဖြစ်ပါသည်။ သည်းခံခြင်းတရား ဖွံ့ဖြိုးစေခြင်း၊ ကူညီစောင့်ရှောက်တတ်ခြင်းနှင့် လေးစားစွာ ပြုမူပြောဆို ဆက်ဆံခြင်းများလည်း စာသင်ခန်းအတွင်း ဖွံ့ဖြိုးစေရန် ရည်ရွယ် ပါသည်။ ဆွေးနွေးခြင်း၊ စူးစမ်းလေ့လာခြင်းတို့ဖြင့် ဆရာနှင့် ကျောင်းသားများသည် အတူတကွပူးပေါင်းလေ့လာခြင်းဖြစ်သည်။ ကျောင်းသားများအနေဖြင့် မိမိတို့ ရှင်သန်ကြီးပြင်းခြင်းနှင့် အောင်မြင်မှုများရရှိရန် ကိုယ်တိုင် တာဝန်ယူတတ်စေရန် ပြုစုပျိုးထောင်ခြင်း၊
လမ်းညွှန်ခြင်းတို့ကို ဆရာဆရာမများမှ ပြုလုပ်သင့်ပါသည်။ ငြိမ်းချမ်းရေးအတွက် စာသင်ကြားခြင်းမှာ ကျောင်းသူ၊ ကျောင်းသားများ ဘက်စုံဖွံ့ဖြိုးစေခြင်းနှင့် ကောင်းကျိုးချမ်းသာတရားများအတွက် အခွင့်အလမ်းပင်ဖြစ်သည်။

တရားမျှတသော၊ တန်းတူညီမျှသော လူ့အဖွဲ့အစည်းအတွက် အခြေခံကောင်းများကို စာသင်ခန်းများမှတဆင့် တည်ဆောက်ခြင်းလည်း ဖြစ်ပါသည်။ ဆရာနှင့် ကျောင်းသားများအားလုံး ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် တာဝန်ကိုယ်စီထမ်းရွက်ခြင်းအလေ့ကို ပျိုးထောင်ခြင်းလည်း ဖြစ်သည်။ သင်ကြားရေး နည်းစနစ်များနှင့် လူမှုဆက်ဆံရေး နည်းလမ်းများဖြင့် ငြိမ်းချမ်းရေးအတွက် စာသင်ကြားသူ ဆရာဆရာမများ သည် ငြိမ်းချမ်းရေးအတွက် ပိုမို၍ အလားအလာကောင်းသော နယ်မြေဒေသနှင့် နိုင်ငံတော်အတွက် ပျိုးထောင်ပေးခြင်းပင်ဖြစ်ပါသည်။

သိန်းနိုင်

နိုဝင်ဘာလ၊ ၂၀၀၆ (ထိုင်း-မြန်မာနယ်စပ်)
(ကျောင်းပညာရေးသုတေသန ဂျာနယ် အမှတ် ၄ NHEC)

ငြိမ်းချမ်းရေးအတွက် ပညာရေး အပိုင်း (၁)

အပိုင်း (၃) ကို ဆက်ပါဦးမယ်။

ကိုးကားစာအုပ်စာတမ်းများ
လူတွေ့ဆွေးနွေးခြင်းများ၊ ထိုင်း-မြန်မာနယ်စပ်ဒေသ။ (ကလေးများ၊ ဆရာဆရာမများ ၂ဝဝ၆-၂ဝဝ၇)။
ဦးသန်းဦး၊ ညွန်ချုပ် (ငြိမ်း)။ မြန်မာနိုင်ငံပညာရေးသမိုင်း၊ သင်ရိုးညွှန်းတမ်းကဏ္ဍ၊ ရန်ကုန် ၂ဝဝ၄။

Beanman, Nocola (1993): Edward Morgan Foster – A biography, New York Alfred, A. Knoff Inc.

Bowlby, J. (1990): Charles Darwin: A New Life, New York, W. W. Norton and Company.

Burnley, Jen, (1988): Developing skills for international understanding, Journal of the world council of curriculum and instruction (WCCI), vol.2, no.1, June, pp108-112.

Carson, Terrance R. Ed. (1988): Toward a renaissance of humanity: Rethinking and reorienting Curriculum and instruction, The University of Alberta Printing Services.

Carson, Terrance, R. (1991) The International Classroom, Journal of the WCCI, Vol.5, Nos. 1 and 2, pp.49-56.

Feeney, Robert et.al (1998) Brief Review in global studies, Needam, Massachusetts, Prentice Hall.

Johnson, Judith, A. (1987) Basic Realities of Global Education, Journal of the WCCI, Vol.1, No.1,pp 62-65.

Klien, Helmert (1988) Education Today for Tomorrows World. In Terrance R. Carson (Ed) Toward a renaissance of Humanity, University of Alberta Printing Services, pp.48-59.

Mutart, Edmund, (1987): Pathways to Peace, Journal of the WCCI, Vol.1, No.2, December, pp. 33-36.

Nixon, Richard. (1990) Teachers (Chapter 6) in the Arena: A memoir of Victory, Defeat and Renewl, New York, Simon and Schuster.

Obach, Milfrando, (1987): Pedagogy for Peace, Journal of the WCCI, Vol.1, No.2, December, pp.10-13.

Srivastava, Saroj. (1988): World Peace and Humanistic Instructional Strategies, In Terrance R. Carson (Ed), Toward a Renaissance of Humanity, University of Alberta Printing Services, pp.205-214.

Vriens, Lennart, (1989) Peace Education and Children: A structural Dialogue and Global Responsibility, Journal of the WCCI, Vol.3, No.2, Dec.,pp.48-67.

Powered by Bullraider.com

Notice: Undefined index: data in /home/maukkha/public_html/plugins/system/jsocial_comments/libs/jsocial_tools.php on line 238