ဂျွန်ဂျူဝီ (ပညာအမွေအနှစ်၊ လူမှုအုတ်မြစ်)

သူရိန်ထက်လင်း

ပညာရေးသည် ပြောင်းလဲနေသော ဖြစ်စဉ်တစ်ရပ်ဖြစ်သည်။ ဘဝတစ်မျှလည်း ကျယ်ဝန်းပါသည်။ လူသား၏ဘဝသည် ဖြစ်နိုင်ချေရှိသော အလားအလာများစီသို့ ဦးတည်ရွေ့လျားနေသကဲ့သို့ ပညာရေး ဖြစ်စဉ်သည်လည်း ဆက်၍ဆက်၍သာ ဖွံ့ဖြိုးတိုးတက်နေရပါသည်။ ဖွံ့ဖြိုးတိုးတက်နေမှုသည် အဆုံးသတ် ပန်းတိုင် မရှိပေ။ ထိုဖွံ့ဖြိုးတိုးတက်မှုများကို ကျော်လွန်၍ ဆက်လက်တိုးတက်နေသည်သာ ဖြစ်သည်။ ဤသည်မှာ ပညာရေးဖြစ်စဉ်နှင့် ပတ်သက်သော ဂျူဝီ၏သဘောထား ဖြစ်ပါသည်။

ပညာရေး အတွေးအခေါ်ကို လေ့လာမည်ဆိုပါက အမေရိကန်ပြည်သား ဒဿနပညာရှင် ဂျွန်ဂျူဝီ၏ (John Dewey-1952) မပါလျှင် ပြီးပြည့်စုံမည် မဟုတ်ပေ။ ဂျူဝီသည် ချီကာကိုတက္ကသိုလ်၏ ပါမောက္ခ ဖြစ်ရုံသာမက (၁၈၉၆) တွင် ဓာတ်ခွဲခန်းကျောင်း (Laboratory school) ဟူသော ကျောင်းသစ်တစ်ကျောင်းကို ကိုယ်တိုင် တည်ထောင်ခဲ့သူလည်း ဖြစ်လေသည်။ ဖရိုဘဲလ် (Friedrich Froebel 1782-1852) ၏ ပညာရေး လမ်းစဉ်ကိုလိုက်၍ `ပူးပေါင်းဆောင်ရွက်လျက် လူ့ဘဝတွင် အဓိပ္ပာယ်ရှိရှိ နေထိုင်သွားနိုင်ရန် ကလေးသူငယ်များကို ပညာသင်ကြားပေးရမည် `ဟု အခြေခံအားဖြင့် ရည်ရွယ်ချက် ထားရှိလေသည်။

ဂျူဝီ၏ ကျောင်းသည် အလုပ်ကို အခြေခံထားသော အလုပ်ကျောင်း ဖြစ်သည်။ အရေး၊ အဖတ်၊ အတွက်ကိုပင် အလုပ်လုပ်ရင်း ကစားရင်းဖြင့် သင်ကြား ပေးလေသည်။ ဂျူဝီသည် သူ၏ကျောင်းကို ကျောင်း အသွင်ပျောက်စေပြီး လူမှုအဆောက်အအုံအသွင် ပေါက်စေသည်။ စာသင်သည့်ဌာန တစ်ခုအဖြစ် သာမဟုတ်ဘဲ ဘဝအတွက် ပြင်ဆင်ပေးသည့် နေရာလေးတစ်ခုဟု ယူဆစေလိုသည်။ သူ၏ ကျောင်းသားများအား ငြိမ်သက်မနေ လှုပ်ရှားနေစေသည်။ နားထောင်မနေ အလုပ်လုပ်နေစေလိုသည်။ လူမှုဘဝအတွက်  ထမ်းဆောင်ရန်အသင့် ဖြစ်နေစေသည်။ ပြိုင်ဆိုင်မှုများဖြင့်မဟုတ်ဘဲ ပူးပေါင်းဆောင်ရွက်မှု သင်ကြား ပေးလေသည်။ သူ၏ ပညာရေး အတွေးအခေါ်များကို ဒီမိုကရေစီနှင့် ပညာရေး (Democracy and Education)  ကျမ်းတွင်လည်းကောင်း၊ ကျောင်းနှင့် လူအဖွဲ့အစည်း (The School and Society) ကျမ်းတွင်လည်းကောင် အဓိကအားဖြင့် တွေ့ရှိရလေသည်။

ပညာရေးသည် လူမှုအဆောက်အအုံ၏ လုပ်ငန်းဆောင်တာ (Social Funtion) တစ်ရပ်ဟု ဖွင့်ဆိုပါသည်။ ဂျူဝီ၏ အလိုအရ လူမှုဘဝ သက်ဆိုး ရှည်နိုင်ရန် ယဉ်ကျေးမှုများ တည်ရှိရပ်တည်နေနိုင်ရန် ပညာရေးသည် မရှိမဖြစ် လိုအပ်ပါသည်။ တစ်နည်းအားဖြင့်ဆိုသော် ပညာရေးသည် လူမှုအမွေအနှစ်များနှင့် အခြား ဖွံ့ဖြိုးတိုးတက်စေသော အရာအားလုံးကို မျိုးဆက်တစ်ခုမှ အခြားမျိုးဆက်တစ်ခုသို့ လက်ဆင့်ကမ်း ကူးပြောင်းပေးခြင်းဖြစ်သည်။ ကူးပြောင်းသည်ဆိုရာ၌ အသင့်စီရင်ပြီးသား (Ready made)  အရာများကို လက်လွှဲ ကူးပြောင်းရုံ သက်သက်ဖြင့် မလုံလောက်ပေ။ အပေးအယူသဘော (give and take)  ပူးပေါင်းဆောင်ရွက်မှုဖြင့် ကူးပြောင်းရပါမည်။ ဤသို့အားဖြင့် အပြန်အလှန်သဘောဆောင်သော  အပြုအမူများ(interaction)၊  အပြန်အလှန် မှီခိုအားထားမှု (interdependence)၊ အပြန်အလှန် ပူးပေါင်း ဆောင်ရွက်မှုများ (co-operation) ကို ပြုလုပ်လာနိုင်ပါသည်။ ဤပြုမှုဆောင်ရွက်မှုများကြောင့် လူသားတို့၏ ရည်ရွယ်ချက် ပန်းတိုင်များ၊ ယုံကြည်မှုများ၊ တွေးတောကြံဆမှုများနှင့် အခြား အသိပညာများမှာ ပိုမို တောက် ပြောင်လာပြီး လူမှုအဆောက်အအုံအား အတွင်းသဘောအားဖြင့် ပြောင်လဲစေနိုင်ပါသည်။

လူသားသည် သူ၏ ကိုယ်ပိုင်ဖြစ်သော ဘဝဒဿနလောက အမြင်များ အလိုအရသာ နေထိုင်ရှင်သန် ပါသည်။ ထို့ကြောင့် လူ့ဘဝ၏ အပြုအမှုများအပေါ် ပညာဉာဏ်အားဖြင့် ချုပ်ကိုင်ထိန်းကျောင်းပေးရန် လိုအပ်ပါသည်။ ပညာရေးသည် လူမှုဘဝ၏ ဆိုးယုတ်ညံဖျင်းမှုများကို  ဖယ်ထုတ်နိုင်ရန်နှင့် ကောင်းမွန်သော ဘဝအတွက် မျှော်လင့်ဆောင်ရွက်နိုင်ရန် လေ့ကျင့်ပေးရပါမည်။ တစ်နည်းအားဖြင့်ဆိုသော် ပညာရေးသည် အလေ့အကျင့်များကို ပုံစံချပေးခြင်း (Habit For-mation) ပင် ဖြစ်သည်။ အလေ့အကျင့်များကို ပုံစံချပေး သည်ဆိုရာ၌ ပုံသေဖြစ်သော ပတ်ဝန်းကျင်နှင့် ကိုက်ညီအောင် ညှိနှိုင်းဆောင်ရွက် ပြုမူစေခြင်းမျိုးမဟုတ်ပေ။ ကောင်းသော အလေ့အကျင့်ဆိုသည်မှာ လက်ရှိအခြေအနေထက် ကျော်လွန်အောင် ပတ်ဝန်းကျင်ကိုပြောင်း လဲပစ်ခြင်း နှင့် မိမိတို့၏အပြုအမူများကို ပြင်ဆင်ထိန်းကျောင်းခြင်တို့ပင် ဖြစ်သည်။ ဂျူဝီက အရိုင်းအစိုင်း တို့၏အဖွဲ့အစည်း (Savage Society) နှင့် လူ့ယဉ်ကျေးတို့၏အဖွဲ့အစည်း (Civilized Society)ကို ရှင်းလင်း  ခွဲခြားပြပါသည်။ အရိုင်းအစိုင်းတို့သည် သဘာဝပတ်ဝန်းကျင်ကို လိုက်လျောညီထွေစွာနေထိုင်ကြပြီး လူယဉ် ကျေးများသည် သဘာဝဟောင်း၊ အဖွဲ့အစည်းဟောင်း၊ စံနှုန်းဟောင်းများကို ပြောင်းလဲပြင်ဆင်၍  နေထိုင် ကြလေသည်။

ဂျူဝီ၏ အလိုအရ ပညာရေးသည် လက်ရှိဖြစ်သောအရည်အသွေးများ ဖွံ့ဖြိုးတိုးတက်စေရန် (developing present capacities) နှင့် အနာဂတ်တွင် လုံလုံလောက်လောက် အသုံးချနိုင်ရန် (future by adequately utillizing) အတွက် ပြင်ဆင်ပေးရပါမည်။ နှောင်းခေတ်၏ လိုအပ်ချက်များကို လူသား တစ်ဦးအနေဖြင့် ဖြည့်စွက်အသုံးချနိုင်ရန်မှာ ပညာရေး၏ အရေးကြီးသော လုပ်ငန်းဆောင်တာ ဖြစ်ပါသည်။ ပညာရေးသည် ဖွံ့ဖြိုးတိုးတက် ကြီးထွားစေမှုပင်ဖြစ်သည်။ လက်ရှိ မျက်မှောက်ဘဝကို ပြေလည်စေရုံမျှနှင့် ယင်း၏တာဝန်ကို မပြည့်စုံပေ။ အနာဂတ်၏ ဖြစ်နိုင်ချေရှိသော အလားလာများအတွက်ပါ           ပြင်ဆင်ပေးရ ပေလိမ့်မည်။ ဤသို့ဖြင့်ပင် လူယဉ်ကျေးတို့၏ အကောင်းဆုံးသော လူမှုအဆောက်အအုံကို တည် ဆောက်နိုင်ပေလိမ့်မည်။ ပညာရေး၏ အနှစ်သာရသည် အသိဉာဏ်ပညာဖွံ့ဖြိုးမှုပင် ဖြစ်သည်။ လူသားတစ်ဦးချင်းစီနှင့် လူမှုအဖွဲ့အစည်း၏ ရည်ရွယ်ချက်များအား ပိုမိုကောင်မွန် လာစေရန် အသိပညာဖြင့် ထိန်းကျောင်း အသုံးချရပေမည်။

ဖွံ့ဖြိုးတိုးတက်မှု၏ အမှတ်လက္ခဏာမှာ ပုံသေဖြစ်သော     လူမှုအဆောက်အအုံ၏ တည်ငြိမ် ရပ်တန့််နေမှုနှင့် ဆန့်ကျင်ဘက် ဖြစ်ပါသည်။ ယန္တရားဆန်ဆန် လည်ပတ်မှု၊ အဖန်တလဲလဲ ဖြစ်နေသော စိတ်ပိုင်းဆိုင်ရာနှင့် ကျင့်ဝတ်ပိုင်းဆိုင်ရာ အချက်အလက်များကို ငြင်းဆန်ရပါမည်။ အလေ့အကျင့်များကို ပုံစံတကျဖြစ်စေရာ၌ အသိဉာဏ်ပညာနှင့် စိတ်ခံစားမှုဆိုင်ရာ အရည်အသွေး ဖွဲ့စည်းမှုတို့ကို ပုံစံတကျ ဖြစ်စေပြီး အကျိုးသက်ရောက်စေသော အပြုအမူများ (efficiency of action) ကို တိုးတက်စေရန် ဆောင်ရွက်ပေးခြင်း ဖြစ်ပါသည်။ ယင်းတို့တွင် စဉ်းစားတွေးခေါ်ခြင်း၊ တန်ဖိုးဆုံးဖြတ်ချက်ချမှတ်ခြင်းနှင့် အသုံးတကျ ဖြစ်စေသည့် တတ်ကျွမ်းစေသော အလေ့အကျင့်များ ပါဝင်ပါသည်။ ဖွံ့ဖြိုးတိုးတက်မှုဟူသည် (မူလသဘောလည်း မပျောက်စေဘဲ) သစ်လွင်လတ်ဆတ် နေရမည်ဟု ဂျူဝီကဆိုပါသည်။

ပညာရေးတွင် ပုံသေဖြစ်သော အဆုံးသတ်ပန်းတိုင် (the fixed goal end) ထားရှိမှုမျိုးကို ဂျူဝီကလက်မခံပေ။ အဘယ်ကြောင့်ဆိုသော် ပညာရေးသည် မသဲမကွဲဖြစ်နေသော အနာဂတ်ဖြစ်ချေများကို စနစ်တကျပြင်ဆင် တည်ဆောက် စေရပါမည်။ ရည်ရွယ်ချက်များ၊ တန်ဖိုးစံနှုန်းများကို ပုံသေ သတ်မှတ်ထားခြင်းဖြစ်သည် ဖွံဖြိုးတိုးတက်စေမှု၏ ဆန့်ကျင်ဘက်ပင် ဖြစ်သည်။ ပညာရေးသည် ဘဝတစ်မျှ ကျယ်ဝန်းသည်ဆိုသည့်အတိုင်း လူသား၏ ကိုယ်ရည်ကိုယ်သွေးအလုံးစုံကို လွတ်လပ်စွာ ဖွံ့ဖြိုးတိုးတက်စေရပါမည်။ လွတ်လပ်မှုသည် လူသား၏ အလားအလာ အားလုံးအတွက် အရေးကြီးသော အချက်ဖြစ်သည်။ လွတ်လပ်သည့် ရှာဖွေဆည်းပူးမှုသည်သာ လူ၏အသိဉာဏ်အား ပိုမိုကြွယ်ဝစေမည်သာ ဖြစ်သည်။

ပညာ ရှာဖွေဆည်းပူးမှုကို မည်သည့် အနှောင်အတည်းမျှ မထားသင့်ပေ။ ဂျူဝီ၏ အလိုအရ စာသင်သားများသည် သတ်မှတ်ထားသော ပြဌာန်းစာအုပ်များ၊ ဘာသာရပ်များထက် အရေးကြီးပေသည်။ ကလေးသူငယ်များတွင် ကြွယ်ဝ ပြည့်စုံသောအတွေ့အကြုံနှင့် အသိပညာ များများရှိမှသာလျှင်  သူတို့၏ အနာဂတ်ဘဝအတွက် သင့်တော်သောဖြစ်နိုင်ချေရှိမှုများကို ပြင်ဆင်နိုင်မည် ဖြစ်လေသည်။ ဂျူ ဝီကစာသင်ကျောင်းများနှင့် လူမှုအဖွဲ့အစည်း၏ ဆက်သွယ်မှုကိုလည်း ဖော်ထုတ် ရေးသားထားလေသည်။ ဤနေရာတွင် ပါတ်စတာလိုဇီ (J.H Pestalogyi)၏ အယူအဆကို အနည်းငယ်တင်ပြလိုပေသည်။ ဆွစ် ဇာလန်ပြည်သား လူမှုပြုပြင်ရေးသမား ပါတ်စတာလိုဇီသည် ပညာရေးစိတ်ပညာ (Educational phy- chology) ကို စတင်တီထွင်သူဟု အသိအမှတ်ပြုခံရသူဖြစ်သည်။ သူဖွင့်လှစ်သော ဆရာအ တတ်သင်ကျောင်းသို့ ဂျူဝီ၏ ရှေ့ဆောင်လမ်းပြဖြစ်ခဲ့သူ ဖရိုဘဲလ်က တက်ရောက်သင်ကြားဖူးလေသည်။ စာကြွင်း/

ပါတ်စတာလို၏ အလိုအရ ပညာသင်ကြားခြင်သည် စာသင်ကျောင်းတွင်သာ အဆုံးမသတ်ဘဲ ဘဝတစ်ခုလုံးအထိ ဆက်စပ်လျက်ရှိသည်။ ကျောင်းလုပ်ငန်း (ကျောင်းသင်ပညာ) ပြီးဆုံးသည်နှင့် ပညာ သင်ကြားခြင်းလုပ်ငန်း ပြီးဆုံးပြီဟု မယူဆသင့်ပေ။ ပညာသင်ကြားခြင်းကို ဘဝတွင် အံဝင်ခွင်ကျဖြစ်အောင် ပြုပြင်သင်ကြားပေးခြင်း၌သာ အဆုံးသတ်သင့်သည်။ မျက်ကန်းသဖွယ် ခိုင်းမျှကိုလုပ်တတ်အောင် သင်ကြားပေးရုံတွင် အဆုံးမသတ်သင့်ပေ။ လူတစ်ဦးတစ်ယောက်၏ တိုးတတ်မှုအခွင့်အလမ်းများကို မပိတ်ပင်ဘဲ မိမိဘာသာ လွတ်လွတ်လပ်လပ် လုပ်ကိုင်ဆောင်ရွက်နိုင်စေရန် သွန်သင်ညွန်ပြ ပေးသင့်သည်ဟု ဆိုပါသည်။ ဖရိုဘဲလ်ကလည်း လွတ်လပ်စွာပညာသင်ကြားရေးကို လိုလားတောင်းဆိုသူ ဖြစ်လေသည်။

ဂျူဝီကလည်း သူ၏ " The Social Significance of Academic Freedom" စာတမ်း၌လွတ်လပ်မှု၏ အရေးပါပုံကိုတင်ပြထားပါသည်။ လွတ်လပ်မှုသည် စာသင်သားများနှင့်ပါမက နည်းပြဆရာများနှင့်ပါ သက်ဆိုင်ပါသည်။ လွတ်လပ်မှုသည် လူသား၏ ဉာဏ်ရည်ဉာဏ်သွေးကို ဖွံ့ဖြိုးတိုးတက်စေလိုပါသည်။ ပြဿနာအသစ်များအပေါ် ချဉ်ကပ်ဖြေရှင်းရာတွင်လည်း ပြေလည် အောင်မြင်စေပါသည်။ လွတ်လပ်စွာ တွေးခေါ်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် လူ့ယဉ်ကျေးမှု အဆောက်အအုံသည်လည်း တိုး တက်ပြည့်စုံလာနိုင်ပေသည်။ ကလေးသူငယ်များအား ဉာဏ်ရည်ဉာဏ်သွေးအပြင် လွတ်လပ်မှု၊ တာဝန်သိတတ်မှုနှင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်စေမှုတို့ကို လေ့ကျင့်သင်ကြားပေးရန် လိုအပ်ပါသည်။ ဤသို့ဖြင် လွတ်လပ်သော လူ့အဖွဲ့အစည်း (Democratic Society)၏ အဖွဲ့ဝင်အဖြစ် တင်ရှိနေသည် တာဝန်များကို နားလည်သဘောပေါက် ဖြေရှင်းလာနိုင်ပါလိမ့်မည်။

ကလေးသူငယ်များ၏ အတွေ့အကြုံသစ်များအား စိတ်အားထက်သန်စွာ ရှာဖွေမှုအပေါ် ဂျူဝီက အားပေးခဲ့သည်။ ပညာသင်ကြားခြင်းသည် တက်ကြွဖျတ်လတ်သော ဖြစ်စဉ်တစ်ရပ် (learning is an active process) ဖြစ်သည်။ အချက်အလက်များကိုချည်း လက်ခံတတ်စေရန် မဟုတ်ပေ။ ကလေးသူငယ်များ၏ ပြောဆိုဆက်ဆံမှု၊ စူးစမ်းရှာဖွေလိုမှု၊ ပြုလုပ်တည်ဆောက်မှုများအား စိတ်ဝင်စားမှုများအပေါ် လမ်းဖွင့်ပေးရမည် ဖြစ်လေသည်။ လူသား၏ အသက်မွေးဝမ်းကျောင်းမှု(occupation)၊ ကျင့်ဝတ်(Moral)နှင့် ဉာဏ် ရည်ဉာဏ်သွေး(Intelligence)တို့ကို ဖွံ့ဖြိုးတိုးတက် စေရန်မှာလည်း ပညာရေးအစီအစဉ်၌ များစွာ တာဝန်ရှိလေသည်။

ဂျူဝီ၏အလိုအရ လူသားတစ်ဦးချင်းစီ၏ ပညာရေးရည်မှန်းချက်ကို လူမှုရေးနှင့် နိုင်ငံရေးက အ ဆုံးအဖြတ်ပေးလေသည်။ သို့ရာတွင် လူမှုရေးနှင့် နိုင်ငံရေးက အဆုံးအဖြတ်ပေးသည့်အတိုင်း တစ်သဝေမတိမ်း လက်ခံရန် မလိုပေ။ ရှေ့၌ဆိုခဲ့သည့်အတိုင်း လူယဉ်ကျေးတို့သည် မိမိတို့၏ လက်ရှိဘဝ သို့မဟုတ် အနာဂတ်ဘဝတို့နှင့် မကိုက်ညီတော့သော တန်ဖိုးဟောင်း စံနှုန်းဟောင်းများကို ပြောင်း လဲပြစ်ကြမည်သာ ဖြစ်ပေသည်။ ပညာရေးနှင့် နိုင်ငံရေးသည် တစ်ခုနှင့်တစ်ခုခွဲခြာ၌မရနိုင်အောင် တူ ညီနေပေသည်။ လူ့အဖွဲ့အစည်း၏ဖွံ့ဖြိုးတိုးတက်မှုသည် ထိုအဖွဲ့အစည်းက ချမှတ်လိုက်သော ပညာရေး အစီအစဉ်နှင့် တိုက်ရိုက် အချိုးညီပါသည်။ ထို့အတူ ပညာရေးအစီအစဉ် ပြည့်စုံ မပြည့်စုံ ဆိုသည်ကိုလည်း ထိုအဖွဲ့အစည်း၏ ကြန်အင်လက္ခဏကို ကြည့်ခြင်းအားဖြင့် သိရှိနိုင်ပေသည်။

အသင့်တော်ဆုံး လူ့အဖွဲ့အစည်းမှာ (ဂျူဝီ၏        အလိုအရ) ဒီမိုကရက်တစ်လူ့အဖွဲ့ အစည်း ပင်ဖြစ်လေသည်။ ဒီမိုကရက်တစ်လူ့အဖွဲ့အစည်းတွင် အများနှင့်ဆိုင်သော တန်ဖိုးများမြင့်မားခြင်း၊ အများ၏ စိတ်ဝင်စားမှုအပေါ်  ကျယ်ပြန့်သော ရှုထောင့်များဖြင့် ကြည့်မြင်ခြင်း၊ အပြန်အလှန် နားလည်မှုနှင့် အတွေ့အကြုံများကို   မျှဝေတတ်ခြင်း စသည်တို့အား           အဖွဲ့ဝင်များအနေဖြင့်     ပိုင်ဆိုင်ရရှိမည် ဖြစ် သည်။လွတ်လပ်စွာ ပြုပြင်ပြောင်းလဲနိုင်ခြင်းအားဖြင့်လည်း လူ့ယဉ်ကျေးမှု၏ ကြီး မားသောဆိုးဝါးမှုများ (the great evil of civilization)         ကို      ဖယ်ရှားနိုင်မည် ဖြစ်လေသည်။           သည့်အတွက်ကြောင့်ပင်လျှင်လူ့ အဖွဲ့အစည်း၏ အောင်မြင်မှုသည် စာသင်ကျောင်းများ နှင့် ဆက်စပ်လက်ရှိသည်ဟု ဂျူဝီက ဆိုထားခဲ့ခြင်း ဖြစ်ပေသည်။

အချုပ်အားဖြင့်ဆိုရလျှင် မိုအောက်မြေပြင်သာမက ကမ္ဘာမြေထုအတွင်းပိုင်မှသည် အနန္တစကြာ ဝဠာတစ်ခွင်လုံး ပညာရေးနှင့်မပတ်သက်သော ကိစ္စဟူသည် မရှိပေ။ အသိဉာဏ်ပညာ အဆင့်အတန်းမြင့်မားမှု၊ လွတ်လပ်သော စိတ်ကူးစိတ်သန်းနှင့် လူမှုရေး တန်းတူညီမျှခြင်း ဖြစ်စေမှုတို့ကို ပညာရေးအစီအစဉ်က တာဝန်ယူရပေမည်။ အခြားတစ်ဖက်တွင်လည်း သိပ္ပံနည်းပညာဆိုင်ရာဖွံ့ဖြိုး တိုးတက်မှု၊ အသစ်အသစ်သော ရှာဖွေတွေ့ရှိချက်များအပေါ် ပညာရေးအစီအစဉ်က လမ်းဖွင့်ပေးရပါမည်။ ဂျူဝီ၏ ပညာရေးအတွေးအခေါ်သည် လူသားတစ်ဦးချင်စီ၏ လက်တွေ့ဘဝကို ရင်ဆိုင်ဖြေရှင်းပေးနိုင်ရန် လေ့ကျင့်သင်ကြားပေးသည် ကို တွေ့ရပါမည်။ သို့ရာတွင် အတွေးအခေါ်အယူအဆ တစ်ရပ်ရပ်သည် ပြီးဆုံးနိုင်သည်ဟု တစ်ထစ်ချဆို၍မရပေ။ အကောင်းထဲက အကောင်းဆုံးတွေကိုသော်လည်းကောင်း၊ အဆိုးထဲက အသင့်တော်ဆုံးတွေကိုလည်းကောင်း ရွေးချယ်ဆောင်ရွက်          တက်ရပေမည်။ ဂျူဝီ၏  ပညာရေးအတွေးအခေါ်များ          ထဲတွင်လည်း              ကျွန်တော်အဖို့ ရွေးချယ် ဆောင်ရွက်စရာ အများကြီး ရနိုင်ပါသည်။ မှန်ကန်စွာရွေးချယ်နိုင်မှု မနိုင်မှုမှာလည်း ကျွန်တော်တို့ လေ့လာသင်ယူခဲ့သော ပညာရေးအစီအစဉ်နှင့် များစွာ ပတ်သက်ပါလိမ့်မည်ဟု ရိုးသားစွာယုံကြည်မိပါသည်။

သူရိန်ထက်လင်း

ပညာရေးအတွေး၊ ဒဿနအမြင်

(National Wisdom Book and Academic) 2004

Ref;

-           Arthur G. Wirth; John Dewey as EducationJohn Wiley & Sons; lnc, New Youk, 1996

-           John Dewey; Democracy and Education The Macmillan Company, New Youk, 1916

-           John Dewey; The School and Society, revised ed, University of Chicago Press, 1923

-           S.J. Curtic and M.E.A Bouttwood; A Short History of Education ldeas University Tutorial Press Ltd, London, 1975

-           Alan Cohen and Norman Garner; Reading in the History of Educational Thoughtss,

-           University of London Press Ltd, 1967 John S. Brubacher; Modern Philosophies of Education

The Mcgraw Hill Book Company, New Youk, 1962

Powered by Bullraider.com

Notice: Undefined index: data in /home/maukkha/public_html/plugins/system/jsocial_comments/libs/jsocial_tools.php on line 238