ဖက်ဒရယ်ပညာရေး - အပိုင်း (၆) ပညာရေးမူဝါဒ လုပ်ငန်းစဉ်

၁၉၈၀ ပြည့်လွန်နှစ်များက စတင်ကာ လွန်ခဲ့သော ဆယ်စုနှစ် ၃ ခုအတွင်း ကမ္ဘာပေါ်တွင် နိုင်ငံ၂၀၀ ကျော်ခန့်မှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများနှင့် တိုးတက် ဖွံ့ဖြိုးရေးတို့ကို စတင် လုပ်ဆောင် ခဲ့ကြသည်။ ယင်းတို့အထဲမှ တဒါဇင်မျှသော နိုင်ငံများသည်သာလျှင် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုကို ရရှိခံစားကြရသည်။ အချို့နိုင်ငံများမှာ အလာအလာ ကောင်းများကို မျှော်လင့်နိုင်ကြသေးသည်။ အချို့မှာ နောက်ပြန်ဆုတ်လျက် ရှိကြသည်။ မတူသော နောက်ခံ အခြေအနေများနှင့်အခြား အကြောင်းအချင်းရာများ ရှိသော်လည်း အဓိက အကြောင်းရင်းမှာ ပြုပြင်ပြောင်းလဲရေးမူဝါဒများကို ရေးဆွဲချမှတ်ခြင်း လုပ်ငန်းစဉ်၏ ဒီမိုကရေစီ ရှိမှုနှင့် အကောင်အထည် ဖေါ်ဆောင်ရာတွင် ထိရောက်မှု တို့ပင်ဖြစ်သည်။ တိုင်းရင်းသား မျိုးနွယ်စုများနှင့် ပြည်သူလူထု ဗဟိုပြု  ပြုပြင်ပြောင်းလဲရေးဖြစ်ခြင်းမှာရေရှည် အောင်မြင်မှုအတွက် အခရာပင် ဖြစ်ပါလိမ့်မည်။

Federal-6

ဒီမိုကရေစီနည်းကျကျ ပညာရေး မူဝါဒ ရေးဆွဲခြင်း ပြဿနာများ

များမကြာသေးမီ ဆယ်စုနှစ်ကာလများအတွင်း ကမ္ဘာ့ပညာရေး အခြေအနေမှာ ခြားနားပြောင်းလဲခဲ့ပါသည်။ ပညာရေးမှာ ပုံသဏ္ဌာန် အမျိုးမျိုးဖြင့် ပေါ်ထွက် လာနေခြင်းလည်းဖြစ်သည်။ ပညာရေး အဖွဲ့အစည်းများ၊ကျောင်းများ၊ တက္ကသိုလ်များမှာလည်း အသွင်သစ်၊ ပုံစံသစ်၊ မူအသစ်၊ စံနှုန်းသစ်များဖြင့်လိုက်ပါ ပြောင်းလဲရတော့၏။ ပညာရေးနယ်ပယ် အပြင်ဖက်က တွန်းအားများကြောင့်လည်း ဖြစ်လေ့ရှိသည်။အခါများစွာတွင် ပညာရေးနှင့် လုံးလုံးလျားလျား မသက်ဆိုင်လှသော အခြေအနေများလည်း ပါရှိလေသည်။

ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံသားများ အနေဖြင့်သော်လည်းကောင်း၊ လူမျိုးစု ပြည်နယ်သားများအနေဖြင့် သော်လည်းကောင်း၊ ပညာရေး လုပ်သားများ၊ ဆရာဆရာမများနှင့် ကျောင်းသူ ကျောင်းသားများအနေဖြင့် သော်လည်းကောင်း မြန်မာပြည်၏ နောက်ခံ အခြေအနေများနှင့် ယှဉ်တွဲလျက် ပညာရေးကိုလေ့လာ ရှုမြင်နားလည် တတ်ရန် လိုအပ်သည်။ အထင်ကရ ခေါင်းစဉ်ကြီးများဖြစ်သည့် ပြည်နယ်၊ လူမျိုး၊မျိုးနွယ်စု၊ ကျား-မသဘာဝ၊ လိင်ကွဲပြားမှု၊ လူမှုစီးပွား အဆင့်အတန်း၊ မွေးရာပါ ဗီဇစွမ်းရည်၊၀ါသနာ၊ အလုပ်အကိုင် အလားအလာ တို့အပြင် အစိုးရကျောင်းများ၊ ပုဂ္ဂလိကကျောင်းများ၊ ဘကကျောင်းများ၊လူမျိုးစုကျောင်းများ၊ ကိုယ်ထူကိုယ်ထ ကျောင်းများကိုလည်း ဆက်စပ် နားလည်ရမည်ဟု ဆိုလိုပါသည်။သက်မွေးသိပ္ပံကျောင်းများ၊ ကောလိပ်များ၊ တက္ကသိုလ်များနှင့် အခြားသော သင်တန်း အမျိုးမျိုးတို့လည်းပါဝင်သည်။

ပညာရေးမူဝါဒ ရေးဆွဲခြင်း လုပ်ငန်းစဉ်တို့ကိုလည်း သိမြင်နားလည် ထားအပ်ပါသည်။ အာဏာရအစိုးရ၏ ပညာရေးမူဝါဒတို့ကို သိရုံမျှသာ၊ ကိုယ်ပိုင် ရွေးချယ်ခြင်းနှင့်  ဆုံးဖြတ်ချက် ချမှတ်နိုင်ရုံမျှ သာမကဘဲ ထိုထိုသောမူဝါဒတို့ မည်သို့ ဖြစ်ပေါ်လာပုံနှင့် နောက်ခံတို့ကိုလည်း သိနားလည်သင့်၏။ ပညာရေးမူဝါဒတို့၏မူလဇာစ်မြစ်နှင့် အရည်အသွေး တို့ကိုလည်း ရှုမြင်နိုင်စွမ်းဖြစ်သည်။ သို့မှသာလျှင် ပညာရေးမူဝါဒလုပ်ငန်းစဉ်တွင် ကိုယ်တိုင်ပါဝင်နိုင်ခွင့်ဖြစ်သည့် ဒီမိုကရက်တစ် ဖက်ဒရယ် နိုင်ငံသားအခွင့်အရေး တစ်ရပ်ကို (လိုအပ်ပါက) ထိထိရောက်ရောက် အသုံးချနိုင်မည်။ ဆရာဆရာမများ အနေဖြင့်ဖြစ်စေ၊မိဘတစ်ဦး အနေဖြင့်ဖြစ်စေ၊ ကျောင်းသားတစ်ဦး အနေဖြင့်ဖြစ်စေ တချိန်မဟုတ် တချိန်ချိန်တွင် ပညာရေးမူဝါဒ ရေးဆွဲခြင်း လုပ်ငန်းစဉ်မှာ တစ်စိတ်တစ်ဒေသအားဖြင့် ပါဝင်ရမည်မှာ မလွဲပေ။အနည်းဆုံး အားဖြင့် ရပ်ရွာတွင်းရှိ ကျောင်းအဆင့်ဖြစ်စေ ပါဝင်ရန် လိုအပ်လာမည်။ ထို့ထက်ပိုမိုကျယ်ပြန့်သော ပညာရေး သမဂ္ဂ လုပ်ငန်းစဉ်များတွင်လည်းကောင်း၊ တိုင်းရင်းသားပညာရေး လုပ်ငန်းစဉ်များ၊အလုပ်သမားသမဂ္ဂ လုပ်ငန်းစဉ်များ၊ မူဝါဒရေးရာများတွင် လည်းကောင်း ပါဝင် ဆောင်ရွက်ရန်လည်းဖြစ်နိုင်ပါသေးသည်။

ယခုဆွေးနွေးမည့် အယူအဆနှင့် အကျင့်အကြံတို့မှာ ပညာရေး နယ်ပယ်တွင်သာလျှင် ကျင့်သုံးသည်မဟုတ်ပါ။မြန်မာမိသားစုများ၊ ရပ်ရွာ လူမှုအသိုက်အ၀န်းများ၊ လူမှုအဖွဲ့အစည်းများ အပါအ၀င် ပြည်နယ်နှင့်ဖက်ဒရယ် ပြည်ထောင်စုတို့ကို ပုံဖေါ် တည်ဆောက်ခြင်းနှင့်လည်း သက်ဆိုင်ပါသည်။ မကြာခဏ ဆိုသလို ကြားသိနေရသည့် ပညာရေး ပြုပြင်ပြောင်းလဲမှု ကိစ္စမှာ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုကြောင့်ဖြစ်စေ၊စီးပွားရေး နယ်ပယ်သစ်ကြောင့်ဖြစ်စေ အရင်းခံလာခြင်းဖြစ်၏။ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုပြုပြင်ပြောင်းလဲခြင်းတို့ကြောင့် ပညာရေးလည်း လိုက်ပါ ပြောင်းလဲ လာနေရသည်။ ပညာရေးကြောင့်နိုင်ငံရေး စနစ်သစ် ပြောင်းလဲရသည်တော့ မဟုတ်သေးပါ။ ဤတွင် ပညာရေးသမား အများစုကြီးမှာခံစားရတော့သည်။

မိမိတို့နှင့် အလှမ်းဝေးသော နယ်ပယ်များက လှုံ့ဆော်မှုတို့ကြောင့် ပညာရေးကို ပြုပြင်ပြောင်းလဲကြရာတွင် ပညာရေးသမား စစ်စစ်များ၊ ကျောင်း ဆရာဆရာမများမှာ မတတ်သာသည့်အဆုံး လက်မှိုင် ချထားရဘိသကဲ့သို့ ခံစား နေရလေသည်။ ပညာရေး ပြုပြင်ပြောင်းလဲမှုကို မိမိတို့အနေဖြင့်ထိန်းချုပ်ရန်လည်း မစွမ်းသာ။ မိမိတို့ အလိုဆန္ဒနှင့် ပညာရေး လုပ်ငန်းခွင် အတွေ့အကြုံအရလည်းဖြစ်စေလိုသော ပညာရေး စနစ်သစ်ကို မပြောင်းလဲပေး။ အာဏာပိုင်များနှင့် အခြားသူများ၏ အလိုတော်အတိုင်းသာ ပညာရေးကို ပြုပြင် ပြောင်းလဲကြတော့သည်။ ပညာရေး မဟုတ်သော နယ်ပယ်စိမ်းက သူများ၊ ပညာ(ရေး)သမားမဟုတ်သော ပညာ(ရပ်) သမားများ၊ အတိုင်ပင်ခံများနှင့် အာဏာပိုင်များ အလိုကျပင်။ လူမျိုးနွယ်စုများ၊ ပညာရေးသမားများ၊ ပညာရေး ၀န်ထမ်းများနှင့် မိဘပြည်သူများမှာ မိမိတို့ ရင်တွင်း ဆန္ဒများကိုမျိုသိပ်ထားကြရဆဲ၊ ပညာရေးဘ၀ အတွေ့အကြုံများနှင့် ဆယ်စုနှစ်များစွာ လုပ်ကိုင်ရင်း၊ ပညာရေးတာဝန်ထမ်းဆောင်ရင်း ကျောင်းနှင့် စာသင်ခန်းတွင်းမှ ရရှိထားသော ပြုပြင်ပြောင်းလဲသင့်သည့် ပညာရေးစနစ် သင်ခန်းစာများကိုမူ တန်ဖိုးထားရန် မေ့လျော့နေကြဆဲ။ အသုံးမပြုလိုကြဘဲ လျစ်လျူရှု၊ခေါက်ထား ခံနေရဆဲ…။ တိုင်းရင်းသား ပညာရေး လွတ်လပ်ခွင့်မှာ မူဝါဒအဆင့်တွင်ပင် အဆင်မပြေသေးပါ။ အတိတ်ကာလများနှင့် ဘာများ ကွာခြားပါသနည်း။

ပညာရေးသမားတို့က လေ့လာ ရှုမြင်ထားသည့် ပြုပြင်ပြောင်းလဲရမည့် ပညာရေးစနစ်မှာ အာဏာပိုင်များနှင့် နယ်ပယ်စိမ်းများမှ သူများက ဦးဆောင် ပြောင်းလဲနေသည့် ပုံစံနှင့်တော့မတူ ကွဲပြားခြားနား နေတတ်ပါသည်။ ပညာရေး၏ ရည်ရွယ်ချက်မှာ အထမြောက်ရန် ခက်ခဲနေတတ်သည်။ ပြုပြင်ပြောင်းလဲနေသည်ဟု ဆိုသော်ငြားလည်း အပို အလုပ်များဖြင့် ရှုပ်ထွေး နေတတ်ပြီး ပညာရေး အကျိုးအမြတ်လည်း နည်းပါး နေတတ်ပါသည်။ ဖက်ဒရယ် ပြည်ထောင်စုအတွက် ပူးပေါင်း ဆောင်ရွက်ရန်ထက် အတိုက်အခံတို့ကို မီးထိုးပေးနေသည့်နှယ်ပင်။

သို့ဖြစ်လေရာဒီမိုကရေစီ၊ ဖက်ဒရယ် လူမှုအသိုက်အမြုံအတွင်း ပညာရေး ရည်မှန်းချက်များနှင့် ပညာရေး မူဝါဒလုပ်ငန်းစဉ်များကို မလွဲမသွေ လေ့လာထားရန် ပိုမိုလိုအပ်လာသည်။ ဤဆောင်းပါးမှ စတင်ပြီး ပညာရေးမူဝါဒဆိုင်ရာ လုပ်ငန်းစဉ်များနှင့် ဖက်ဒရယ်နိုင်ငံများ၏ ပညာရေးစနစ်များ၊ ပညာရေးအာဏာ ခွဲဝေမှုများအကြောင်းကို ဆွေးနွေး တင်ပြပါရစေ။

မူဝါဒ လုပ်ငန်းစဉ်

စာတမ်း၏ရှေ့အပိုင်းများတွင် မူဝါဒရေးရာများကို တင်ပြခဲ့ပါသည်။ အထူးသဖြင့် မြန်မာနိုင်ငံ၏ ပညာရေးပြုပြင်ပြောင်းလဲမှုနှင့် ဆက်နွယ်နေသော အစိုးရ၏ ပညာရေး မူဝါဒ အသစ်များ၊ ပြဌာန်းရန် ပြင်ဆင်မှုများ၊ ပညာရေး သမဂ္ဂများက ဆန့်ကျင် ကန့်ကွက်ရသည့် အကြောင်းရင်းများ၊ မူဝါဒများ၏ အားနည်းချက်များကိုတင်ပြခဲ့သည်။ ကျောင်းသားများ၏ ခံစားချက်များ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများနှင့် တိုင်းရင်းသားများ၏ မကျေနပ်ချက်များကိုလည်း ပညာရေး မူဝါဒသစ်များနှင့် မူဝါဒ လုပ်ငန်းစဉ်တို့နှင့် ယှဉ်တွဲလျက် သုံးသပ်ခဲ့ပါသည်။ သို့ဖြစ်ပါ၍  မူဝါဒ လုပ်ငန်းစဉ်ကို သိရှိထားသင့်ပါသည်။ ဒီမိုကရေစီနည်းကျ ပညာရေး မူဝါဒတို့ကို မည်သို့ ရေးဆွဲသင့်ပါသနည်း။ ဖက်ဒရယ်ပြည်ထောင်စု၏ ပညာရေးမူဝါဒကို မည်သို့ ပြုစုကြမည်နည်း၊

မူဝါဒ policy ဆိုသည်မှာ လူ့အဖွဲ့အစည်း၏ မျှော်မှန်းချက်များနှင့် ပတ်သက်ပြီး “တရားဝင်” ရေးဆွဲ တင်ပြထားချက်များဖြစ်ပြီး လေ့လာသုံးသပ် ဝေဖန် ဆွေးနွေးနိုင်ရန်လည်း ဖြစ်သည်။ ရည်မှန်းချက်များကို အထမြောက် အောင်မြင်စေရန်အတွက် ချဉ်းကပ်မည့် ဗျူဟာများနှင့် နည်းလမ်းများလည်း ပါဝင်သည်။ဆိုရသော် “မူဝါဒ” မှာ နည်းလမ်း တစ်ရပ်ဖြစ်သကဲ့သို့ နောက်ဆုံးပိတ် ရလဒ်လည်းဖြစ်သည်။ မျှော်မှန်းရလဒ်များ ရရှိစေရန် ချည်းကပ်ဆောင်ရွက်မှုနည်းလမ်းများဟုလည်း ဆိုနိုင်ပါသည်။ ရိုးရိုးရှင်းရှင်း ဆိုရသော် မူဝါဒ - ပေါ်လစီဆိုသည်မှာ  လုပ်ဆောင်ရမည့် အရာများပင် ဖြစ်သည်။ ပိုမို တိုးတက်ကောင်းမွန်ရန် မဖြစ်နိုင်ပါက၊ တန်ဖိုးများ လျော့နည်းမည်ဟု မယူဆပါက၊ ရည်မှန်းချက်ကို အထမြောက်စေရန် ပြဿနာ တစ်ခုခု ရှိမနေပါက မူဝါဒအသစ် တစ်ရပ်ရပ်ကို ချမှတ်ရန် မလိုအပ်နိုင်ပါ။မူဝါဒမှာ ပြုပြင်ပြောင်းလဲမှုအပေါ် တုန့်ပြန်ခြင်းဟူ၍လည်း ဆိုနိုင်ပါသည်။ ပြုပြင်ပြောင်းလဲမှုကိုရှေ့ဆောင်လမ်းညွှန်ရန် (သို့တည်းမဟုတ်) စီမံခန့်ခွဲရန် အားထုတ်မှုလည်း ဖြစ်သည်။ ခြိမ်းခြောက်ခံနေရသော(သို့တည်းမဟုတ် - ပျောက်ဆုံး သွားပြီဖြစ်သော) စံနှုန်း၊ တန်ဖိုးများကို ပြန်လည် တည်ဆောက်ရန်၊ထိန်းသိမ်းကာကွယ်ရန် အားထုတ်ခြင်းပင်။ လူမှု အသိုက်အ၀ိုင်း၏ ပကတိ အရှိတရားများအပေါ်(ပြန်လည်) တည်ဆောက်ရန်နှင့် ပုံစံသစ် ဖေါ်ဆောင်ရန်အတွက် လိုလားသော နည်းနာများဖြင့် အားထုတ်ကြိုးပမ်းချက်ပင်ဖြစ်သည်။

မူဝါဒကို မည်သူတို့ကပြုစုရေးဆွဲမည်နည်း

ရပ်ရွာထဲက ခြင်းလုံးအသင်း၊ ပညာရေးဌာနများနှင့် ကမ္ဘာ့ဘဏ်စသည့် မတူညီသော အသင်းအဖွဲ့တိုင်းသည် မူဝါဒ လုပ်ငန်းစဉ်ကို ချမှတ်ဆောင်ရွက်ကြပါသည်။တိကျသော ရည်မှန်းချက်များကို အောင်မြင်စေရန်အတွက် မူဝါဒများ ရေးဆွဲချမှတ် ထားရှိပြီးလျှင် အကောင်အထည် ဖေါ်ဆောင်ကြခြင်းဖြစ်သည်။ အဖွဲ့အစည်း အကြီး၊ အငယ်အလိုက် မူဝါဒ၏ သက်ရောက်ပြန့်နှံ့မှုမှာလည်း မတူနိုင်ပါ။ ကမ္ဘာ့ဘဏ်နှင့် ပညာရေးဌာနတို့က ပြဌာန်းလိုက်သော မူဝါဒမှာ ရပ်ရွာထဲက ခြင်းလုံးအသင်းထက် လူများစွာတို့အပေါ် ပိုမိုသော သက်ရောက်မှုနှင့် ငြင်းခုံစရာများ ရှိနေပါမည်။

အခြားတဖက်မှဆင်ခြင်ရန်မှာလည်း ရှိနေပါသည်။ အထူးသဖြင့် မည်သူတို့က မူဝါဒများကို ရေးဆွဲကြပါသနည်း။အဖြေမှာ တစ်ခုတည်း မဖြစ်နိုင်ပါ။ မတူညီသော မူဝါဒ နောက်ခံ အခြေအနေများကြောင့် မတူညီသောသက်ဆိုင်သူများက ရေးဆွဲကြပါသည်။ဆိုရသော် မူဝါဒရေးဆွဲခြင်းမှာ လူမှုအသိုင်းအ၀ိုင်းနှင့်အဖွဲ့အစည်းများ၏ နောက်ခံအခြေအနေတို့ကို ထည့်သွင်း စဉ်းစားခြင်းဖြင့် စတင်သင့်ပါသည်။ အထူးသဖြင့် ပညာရေးအာဏာပိုင်များနှင့် တိုက်ရိုက် သက်ဆိုင်သူများ အပြင် မိဘပြည်သူများနှင့် ကျောင်းသူကျောင်းသားများ၏ အကြံဥာဏ်၊ အသံနှင့် မျှော်မှန်းချက်တို့ကို ထည့်သွင်း စဉ်းစားသင့်ပါသည်။အကျယ်အပြန့် တိုင်ပင်ဆွေးနွေးခြင်း၊ သူတို့ကိုယ်တိုင် ပါဝင်လုပ်ဆောင်ခွင့် ရရှိစေခြင်းတို့မှာ ဒီမိုကရေစီဆန်သော မူဝါဒရေးဆွဲခြင်း လုပ်ငန်းစဉ်အတွက် မရှိမဖြစ် အရေးကြီးလှသည်။

ပညာရေးမူဝါဒ

ပညာရေးစနစ်ကိုစီမံခန့်ခွဲရန်နှင့် အုပ်ချုပ်ရန်အတွက် ဒီမိုကရေစီနည်းလမ်းဖြင့် ရွေးကောက် တင်မြှောက်ထားသောအာဏာပိုင် အဖွဲ့အစည်းများက ရေးဆွဲပြဌာန်း ထားသော ဥပဒေနှင့် ကျင့်ထုံး အစုအဝေးဟူ၍လည်းအဓိပ္ပါယ် ဖွင့်ဆိုကြပါသည်။ ပညာရေးကို ပုံစံမျိုးစုံနှင့် အဖွဲ့အစည်းမျိုးစုံက ရည်ရွယ်အထွေထွေဖြင့် အကောင်အထည်ဖေါ် ဆောင်ရွက်နေကြခြင်းဖြစ်သည်။ ဥပမာအားဖြင့် ရှေးဦး ကလေးသူငယ် ပြုစုစောင့်ရှောက်ခြင်းနှင့် ပညာရေး၊ မူကြိုနှင့် သူငယ်တန်းပညာရေး၊ မူလတန်း ပညာရေး၊ အထက်တန်းဆင့် ပညာရေး၊ ကောလိပ်နှင့် သက်မွေးပညာရေး၊ တက္ကသိုလ်ပညာရေး၊ ဘွဲ့လွန်သင်တန်းများ၊ သက်ကြီးပညာရေး၊ လုပ်ငန်းခွင့် ပညာရေး စသည်ဖြင့် ရှိနိုင်ပါသည်။ သို့ဖြစ်ခြင်းကြောင့်ပညာရေးမူဝါဒမှာ အသက်အရွယ် အမျိုးမျိုးနှင့် တိုက်ရိုက် သက်ဆိုင်မှုရှိသည်။

အငြင်းပွားဖွယ်ရာဖြစ်သော ပညာရေးမူဝါဒ နယ်ပယ်များမှာ စာသင်ကျောင်း အရွယ်အစား၊ အတန်းသားဦးရေ၊ကျောင်းပုံစံများ၊ ပုဂ္ဂလိကပညာရေး၊ ပညာရည် တိုးတက်မှုကို စစ်ဆေးခြင်း နည်းလမ်းများ၊ ဆရာအတတ်ပညာ၊ဆရာ့လစာ၊ သင်ကြားမှု နည်းလမ်းများ၊ သင်ရိုးပြဌာန်းချက်များ၊ တိုင်းရင်းသား ဘာသာစကား၊  ဘွဲ့သတ်မှတ်ချက်၊ ဘွဲ့သင်တန်း၊ ကျောင်းအင်္ဂါစဉ်၊ကျောင်းအုပ်ချုပ်မှု၊ လူမှုတန်ဖိုးများ၊ ကျောင်းသားအခွင့်အရေး၊ ကျောင်းဆရာ အခွင့်အရေး၊သမဂ္ဂ အခွင့်အရေး၊ တိုင်းရင်းသား ပညာရေး၊ တက္ကသိုလ် အုပ်ချုပ်ရေး၊ ပညာရေး လွတ်လပ်ခွင့်၊ဗဟိုဦးစီး ချုပ်ကိုင်မှု လျှော့ချရေးနှင့် ဖက်ဒရယ်ပညာရေး မူဝါဒတို့ ပါဝင်နိုင်ပါသည်။နိုင်ငံရေးစနစ်များ၊ အုပ်ချုပ်ရေးပုံစံများ၊ ဒီမိုကရေစီ စံနှုန်းများနှင့် လူထုပညာရေး၊ကျောင်းပညာရေး အဆက်အစပ်တို့ကိုလည်း လေ့လာရသည်။ အမြင် မတူခြင်းများဖြင့် အပြော ကျယ်ပြန့်လှသည်။သို့ဖြစ်လေရာ မူဝါဒရေးဆွဲခြင်းကို စနစ်တကျ လုပ်ကြရသည်။ အငြင်းပွားခွင့်နှင့် မတူသောအမြင်များကို တင်ပြခွင့် ပြုကြရသည်။ အတွေးအမြင် မတူမှုကို ကြိုဆိုရမည်။

ပညာရေးမူဝါဒ လေ့လာသုံးသပ်ရေး

တည်ရှိဆဲနှင့်ရေးဆွဲနေဆဲ ပညာရေးမူဝါဒတို့ကို နှိုက်နှိုက်ချွတ်ချွတ် စူးစမ်းလေ့လာသုံးသပ် အကဲဖြတ်ခြင်းမှာမူဝါဒရေးရာနှင့် ပတ်သက်ပြီး ပညာရှင်အဆင့် လေ့လာမှုဖြစ်သည်။ အထက်ပါ အငြင်းပွားဖွယ်ရာဖြစ်သော နယ်ပယ်အသီးသီးကို စနစ်တကျ သုတေသနပြုပြီး တင်ပြခြင်းဖြစ်သည်။ ကဏ္ဍတိုင်းတွင် ပညာရေး၏ ရည်ရွယ်ချက်ကိုမေးခွန်းထုတ်သည်။  အဖြေရှာရန် ကြိုးပမ်းသည်။လူ့အဖွဲ့အစည်းအတွက်ဖြစ်စေ၊ တသီးပုဂ္ဂလအတွက်ဖြစ်စေ ကျောင်းပညာရေး၏ ရည်မှန်းချက်များကို စူးစမ်းတင်ပြသည်။ လိုလားအပ်သော ရည်မှန်းချက်များ အထမြောက် အောင်မြင်စေမည့် နည်းနာများကို အကြံပြုသည်။ ပညာရေး အောင်မြင်မှုရလဒ်ကို တိုင်းတာနိုင်သည့် စံနှုန်းများ၊ သတ်မှတ်ချက်များကိုဖေါ်ထုတ်သည်။ တိုင်းတာနိုင်မည့် ကိရိယာများကို တည်ဆောက်သည်။

တက္ကသိုလ်များ၊ပြင်ပအဖွဲ့အစည်းများ၊ အရပ်ဖက်လူမှု အဖွဲ့အစည်းများနှင့် သမဂ္ဂများက ပညာရေး မူဝါဒ အသီးသီးကို ထောင့်ပေါင်းစုံမှ သုတေသနပြုလျက် တင်ပြဆွေးနွေးကြသည်။ ထို့အပြင် ပညာရေးမူဝါဒကို နိုင်ငံရေး၊စီးပွားရေး၊ ပညာရေးစိတ်ပညာ၊ ကလေးသူငယ် ဖွံ့ဖြိုးတိုးတက်မှု၊ လူမှုရေး၊ လူသားဖွံ့ဖြိုးတိုးတက်ရေး၊ငြိမ်းချမ်းရေး၊ ဖက်ဒရယ်အရေး၊ တိုင်းရင်းသားအရေး၊ လူမှုဗေဒဆိုင်ရာ ရည်မှန်းချက်များနှင့်လည်း ဆက်စပ်ပြီး သုံးသပ်ကြသည်။ လေ့လာတွေ့ရှိချက်များကို အများပြည်သူနှင့် အခြားပညာရှင်များ သိရှိလေ့လာနိုင်စေရန် ဂျာနယ်များနှင့် စာစောင်များတွင် ရေးသားတင်ပြလျက် ထုတ်ဝေဖြန့်ချိကြသည်။

ဖက်ဒရယ်စနစ်ကို အောင်မြင်စေရန် ပညာရေးမူဝါဒက မည်သို့မည်ပုံ အားပေး ကူညီနိုင်မှုမှာ ဒီမိုကရက်တစ် မြန်မာနိုင်ငံတော်သစ်အတွက် (မရှိမဖြစ်) အရေးကြီးသော သုတေသန နယ်ပယ်တစ်ရပ် ဖြစ်ပါလိမ့်မည်။

သိန်းနိုင် (မောက္ခပညာရေး)

သံလွင်တိုင်းမ်ဂျာနယ်(ဇန်န၀ါရီလ ၂၀၁၅၊ မော်လမြိုင်မြို့)

ဆက်လက်ဖေါ်ပြပါမည်။

ဖက်ဒရယ်ပညာရေး အပိုင်း (၁) အပိုင်း (၂)  အမျိုးသားပညာရေးဥပဒေ ၀ိရောဓိများနှင့် ဖက်ဒရယ်ပညာရေး မိတ်ဆက်နိဒါန်း

ဖက်ဒရယ်ပညာရေး အပိုင်း (၃) သင်ရိုးညွှန်းတမ်း လွတ်လပ်ခွင့်

ဖက်ဒရယ်ပညာရေး အပိုင်း (၄) ဒါကို ဘာဖြစ်လို့ သင်ရမှာလဲ

ဖက်ဒရယ်ပညာရေး အပိုင်း (၅) လူမှုတရားမျှတမှုအတွက် ပညာရေး

Powered by Bullraider.com